စင်ကာပူနိုင်ငံ ကွန်ဒို ၁၈ ထပ်မှ မြန်မာ အိမ်အကူ မိန်းကလေးတဦး ခုန်ချ သေကြောင်းကြံစည်မှု ဇွန် ၁၂ ရက် ညနေ က ဖြစ်ပွားခဲ့သည်။
ယခုအခါ သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ်ရပြီဖြစ်ပြီး ၎င်း၏ ဖခင်နှင့် ဦးလေးဖြစ်သူ အမြန်ဆုံး လိုက်လာ နိုင်ရန် စင်ကာပူနိုင်ငံ အခြေစိုက် မြန်မာသံရုံးက လိုအပ်သည်များကို အကူအညီ ပေးနေကြောင်း စင်ကာပူ နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ကောင်စစ်ဝန် ဌာနမှ အရာရှိတဦး က ဧရာဝတီကို ပြောသည်။
“သူ့အဖေနဲ့ ဦးလေး လာဖို့ စီစဉ်နေတယ်။ ရက်အတိအကျတော့ ကာယကံရှင်ဘက်က မဆုံးဖြတ်နိုင်သေးပါဘူး။ သူတို့လာရင် လိုအပ်တာ ကူညီဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို စာထုတ်ထားပေးပါတယ်” ဟု ၎င်းက ဆိုသည်။
စင်ကာပူ နိုင်ငံ ဒီပို့လမ်းမပေါ်မှ ၂၄ ထပ်အမြင့်ရှိ အင်တာလေ့ (Interlace) ကွန်ဒိုပေါ်မှ ခုန်ချ သေဆုံးသူ မဇင်မာဦး၊ အသက် ၂၅ နှစ်သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လာသူဖြစ်ပြီး အိမ်အကူလုပ်နေသည်မှာ ၈ လခန့်ရှိပြီ ဖြစ် ကြောင်း၊ သေကြောင်းကြံစည်သည့် အကြောင်းရင်းကို မသိရသေးဘဲ စင်ကာပူ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး သတင်း အဆက် မပြတ် စုံစမ်းပေးနေကြောင်းလည်း အဆိုပါအရာရှိက ပြောသည်။
သေဆုံးသူ မိန်းကလေး ရုပ်အလောင်းကို စင်ကာပူ အထွေထွေရောဂါကုဆေးရုံရှိ အဆောင် ၉ တွင် မြန်မာ သံရုံး တာဝန်ရှိသူ နှစ်ဦးနှင့်အတူ သွားရောက်ကြည့်ရှုခွင့် ရခဲ့သည့် ဒေါ်ခင်လေး၏ ပြောပြချက်အရ မဇင်မာဦး တိုက်ပေါ်မှ မခုန်ချခင် အချိန် မိနစ် ၉၀ အတွင်းတွင် ကယ်ဆယ်ရေးအဖွဲ့က ဖြောင်းဖျပြောဆိုခြင်း ပြုလုပ်ခဲ့သကဲ့သို့ ပြုတ်ကျ လာနိုင်ခြေရှိသည့် နေရာများတွင်လည်း လေမွေ့ယာများ၊ လေဘောလုံးများ ချထားခဲ့သော်လည်း အဆောက်အဦ၏ ဒီဇိုင်းပုံစံကြောင့် အသက်ကယ်ဆယ်ရန် မအောင် မြင်ခဲ့ကြောင်း သိရသည်။
ဒေါ်ခင်လေးသည် စင်ကာပူအခြေစိုက် လူသားချင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်သည့် HOME အဖွဲ့၏ စေတနာ့ ဝန်ထမ်း တဦးဖြစ်ပြီး အဖွဲ့အနေဖြင့် ဦးဆောင်၍ ငွေကြေးကောက်ယူကာ သေဆုံးသူ မိန်းကလေး၏ ကျန်ရစ်သူ မိသားစုဝင်များ ကို ထောက်ပံ့ပေးရန် စီစဉ်နေသည်ဟု ဆိုသည်။
မြန်မာအစိုးရ အနေဖြင့် စင်ကာပူသို့ အိမ်အကူ အလုပ်သမားပို့မှုကို ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ထားခဲ့ သော ကြောင့် နောက်ပိုင်းလူများသည် တရားမဝင်ဖြစ်သည့် အတွက် ပို့ပေးနေသည့် အေဂျင်စီများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ထားပေးစေချင်ကြောင်း ဒေါ်ခင်လေးက ပြောသည်။
“အဓိက အသက်ငယ်တော့ ကလေးတွေအနေနဲ့ စိတ်ပိုင်းဖြတ်မှု မပေးနိုင်ဘူး။ လုပ်ငန်း အတွေ့အကြုံမရှိဘူး။ စာတွေ့ ရော၊ လက်တွေ့ရော အကုန်အားနည်းနေတဲ့ အနေအထား။ အဲဒါတွေအားလုံး ဖြည့်ပြီးတော့မှပဲ ပို့ပေးကြပါ။ အေဂျင်စီ တွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ထားပေးကြပါလို့ တောင်းဆိုချင်တယ်” ဟုလည်း ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက စင်ကာပူ၏ ဥပဒေအရ အနည်းဆုံး အသက် ၂၃ နှစ်၊ အတန်းပညာ ၈ တန်းအောင်မှ လက်ခံ ကြောင်း၊ အသက် မပြည့်သေးသူများကို နိုင်ငံကူး လက်မှတ်(Passport)ထုတ်ပေးနေခြင်း၊ နှစ်တန်း မအောင်သည့် ကလေးများကို ရှစ်တန်း၊ ဆယ်တန်း အောင်ဖြစ်ရန် လုပ်ပေးနေခြင်း၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာခွင့်ရရန် ပြရသည့် အသွားအပြန် လေယာဉ် လက်မှတ်၊ Show money များကို မည်သူများက လုပ်ပေးနေကြသလဲ ဆိုသည်က မေးခွန်း ထုတ်စရာဖြစ်နေကြောင်း ပြောဆိုသည်။
“အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ အေဂျင်စီတွေ အပေါ်မှာ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေပြီ၊ အချိန် ကျ နေပြီလို့ ထင်တယ်။ အဓိကက အေဂျင်စီ တခုတည်းရော အလုပ်သမား ဝန်ကြီးဌာနရော သူတို့နှစ်ယောက်ထဲ လုပ်လို့ မရဘူး။ ပြည်ထဲရေးပါ ပါလာတာပေါ့နော်” ဟု ဒေါ်ခင်လေးက ပြောသည်။
ယခုကဲ့သို့ သေကြောင်းကြံမှု ယခုနှစ် ဖေဖော်ဝါရီက တဦး၊ မေလက တဦး ရှိခဲ့ပြီး ထိုနှစ်ဦးသည် အသက်မသေဘဲ ခါးရိုးကျိုးသွားကြောင်း၊ တဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ပြီး ကျန်တဦးကို လည်း ပြန်ပို့ပေး ရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာ အလုပ်သမားများ အနေဖြင့် အခက်အခဲ တစုံတရာဖြစ်လာပါက တဦးတည်း မဖြေရှင်းဘဲ သက်ဆိုင်ရာ သံရုံး တာဝန်ရှိသူများနှင့် မြန်မာ့လူမှု အသိုင်းအဝိုင်းက အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ခေါ်ယူ အကြောင်း ကြား ကြရန် စင်ကာပူရောက် မြန်မာ့အရေး အကူအညီပေးနေသူများက ပြောဆိုကြသည်။
မြန်မာအိမ်အကူ အလုပ်သမား မိန်းကလေးတဦး ၁၈ ထပ်တိုက်ပေါ်မှ ခုန်ချပြီး သေကြောင်းကြံစည်ခဲ့သည့် ဗီဒီယိုဖိုင် များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် စင်ကာပူရောက် မြန်မာများအပါအဝင် မြန်မာနိုင်ငံသားများကြား တုန်လှုပ် ဖွယ်ရာ ဖြစ်ရပ်တခုဖြစ်ခဲ့သည်။
တရားမဝင် စေလွှတ်မှုများကြောင့် စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံမှ အိမ်အကူ အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်နေသူ ၄၀၀၀၀ ခန့်ရှိကြောင်း သိရသည်။