မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့သည် ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာ၌ သောင်ထွန်းမြေများအား လုပ်ပိုင်ခွင့် ရရှိရန် တိုင်းအစိုးရအဖွဲ့ထံ လျှောက်ထားခဲ့ပြီး အစိုးရက လုပ်ပိုင်ခွင့် ချမပေးရသေးမီ ရောင်းချနေမှုများ ဖြစ်ပေါ်နေကြောင်း ယနေ့ ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။
ဦးဇော်ဇော်ထူးက “သူတို့ လုပ်ပိုင်ခွင့် လာတောင်းတယ်။ ရွာက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ပေါ့၊ ရွာသားတွေ ကန့်ကွက်မှု ရှိ၊ မရှိ။ မကန့်ကွက်ရင် လက်မှတ်ရေးထိုးပေးဖို့ သူတို့ဘက်က တောင်းတယ်၊ အဲဒီမှာ မကန့်ကွက်ပါဘူးလို့ လက်မှတ်ထိုးထားတဲ့ လူတွေကို မေးကြည့်တော့ သိတောင် မသိရပါဘူးလို့ ပြောတယ်။
မွန်ပြည်နယ် အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက် မရခင်မှာပဲ သူတို့က လျှောက်ထားတဲ့ ဧက ၂၀၀ ထဲက ၁၅၀ ကို အလံတွေ စိုက်ပြီး ရောင်းချလိုက်ပြီလို့ နယ်မြေခံ လူထုက ထွက်ဆိုတယ်၊ ပေါက်ဈေးကတော့ တဧကကို ၇သောင်းခွဲကနေ၊ တသိန်း၊ တသိန်းခွဲ အထိ ရှိပါတယ်” ဟု လွှတ်တော် အပြီးတွင် ဧရာဝတီ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
မွန်ပြည်နယ် ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာတွင် ပေါ်ထွန်းနေသော သောင်ထွန်းမြေ ဧက ၃၀၀ ကျော် အနက် ဧက ၂၀၀ ကျော်ပေါ်တွင် လယ်လုပ်ငန်းများ လုပ်ပိုင်ခွင့် ရရှိရန် မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့မှ နိုင်သန်းနွဲ့နှင့် အဖွဲ့ ဝင် ၄၁ ဦး တို့က မွန်ပြည်နယ် အစိုးရအဖွဲ့ထံသို့ ယခုနှစ်အတွင်းက လျှောက်ထားခဲ့ပြီး ထိုမြေများကို ပြည်နယ်အစိုးရက လုပ်ပိုင်ခွင့်မပေးသေးမီ ယခုကဲ့သို့ ရောင်းချခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းလျှောက်ထားမှုသည် လယ်ယာမြေ ဥပဒေပါ၊ မြေနုကျွန်း လုပ်ပိုင်ခွင့်နှင့် ညီညွတ်မှု မရှိဟု ဆိုကာ လုပ်ပိုင်ခွင့် ချထားပေးရန် အကြောင်းမရှိကြောင်းလည်း မွန်ပြည်နယ် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ဦးဇော်ဇော်ထူး၏ လွှတ်တော်အတွင်း မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်။
“သောင်ထွန်းမြေ လုပ်ပိုင်ခွင့် ချထားပေးပြီးနောက် ချထားပေးခံရသူ ကိုယ်တိုင် လုပ်ကိုင်ပြီး စိုက်ပျိုးလုပ်ကိုင်မှု တည်ငြိမ် သည့် အချိန်တွင်မှ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ (၇) ကို လျှောက်ထားပြီးမှသာ ရောင်းချခွင့်၊ ပေါင်နှံခွင့် အပါအဝင် လယ်ယာမြေ အကျိုးခံစားခွင့်များကို ရရှိမည် ဖြစ်သည်။ ထိုအခြေအနေ မဟုတ်ပါက သောင်ထွန်းမြေကို ရောင်းချ၍ မရပါကြောင်း” ဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။
သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအဖွဲ့များက ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သော်လည်း အဖွဲ့အစည်းအချို့က လက်မခံကြောင်း၊ ထိုသောင်ထွန်းမြေများအား လက်ဦးမှုရယူ၍ ပုဂ္ဂလိကများ အပါအဝင် အဖွဲ့အစည်းများက ဝင်ရောက်ကာ မြေဦးထားမှုများလည်း ရှိခဲ့ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်စာများလည်း ရောက်ရှိ လာကာ ယခုဖြစ်ရပ်မှာလည်း ယင်းဖြစ်ရပ်များထဲမှ တခုဖြစ်ကြောင်း ဦးထွန်းဌေးက ဆိုသည်။
မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့ကို ယခင် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်က ပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ လက်နက်ချ၍ ဌာနေ ပြည်သူ့စစ်အသွင်ဖြင့် လှုပ်ရှားနေကာ ဘားအံ၊ ကျိုက်မရော ၊ ကော့ကရိတ်နှင့် သံဖြူဇရပ်မြို့တို့တွင် လှုပ်ရှားလျက် ရှိသည်။
၂၀၁၂ ခုနှစ်တွင် ဗိုလ်ချုပ်အောင်နိုင် ကွယ်လွန်သွားပြီးနောက် မွန်ပြည်သစ်ပါတီမှ ထပ်မံအနားယူသွားသည့် ဗိုလ်မှူးကြီး နိုင်ရှောင်က တပ်ဖွဲ့ကို ဆက်လက် တာဝန်ယူခဲ့သည်။ သို့သော် လက်ရှိတွင် ယင်းမွန်ငြိမ်းချမ်းရေး ကာကွယ်ရေး အဖွဲ့၌ နိုင်ဗလိုင်စွမ်း ဦးဆောင်သည့် အဖွဲ့နှင့် အခြားသူ(အမည်စုံစမ်းနေဆဲ) တဦးတို့ ဦးဆောင်သည့် အဖွဲ့ဟူ၍ အဖွဲ့များ ကွဲလျက် ရှိနေကြသည်။
မွန်ငြိမ်းချမ်းရေး ကာကွယ်ရေး တပ်ဖွဲ့၏ ဆက်ဆံရေး ရုံးတရုံးကို မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်ခင်းရပ်ရှိ သံလမ်း၌ ဖွင့်လှစ်ထားသည်။