စစ်ပွဲအလိုမရှိကြောင်း ပြဇာတ်ကပြရာတွင် တပ်မတော်နှင့် တပ်မတော်သားမိသားစုဝင်များအား ဂုဏ်သိက္ခာ ထိခိုက်စေသည့်ကိစ္စများ ထည့်သွင်းကပြသည်ဟုဆိုကာ အနောက်တောင်တိုင်းစစ်ဌာနချုပ် – နတခ မှ တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့် ကျောင်းသား ၉ ဦးအနက် ၇ ဦးကို ပုသိမ်မြို့နယ် တရားရုံးကမေလ ၁၂ ရက်နေ့တွင် တရားရှင်လွှတ်ပေးခဲ့သည်။
မြို့နယ်တရားရုံး၏ ယင်းအမိန့်အား တပ်မတော်ကိုယ်စား တရားစွဲဆိုသည့် တရားလို ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင် (စစ်ဦးစီး ပထမတန်း) က ကျေနပ်မှုမရှိသည့်အတွက် ပုသိမ်ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့ရာ ပုသိမ်ခရိုင်ရုံးက အယူခံကို လက်ခံခဲ့ပြီး ပထမဆုံးရုံးချိန်းအဖြစ် ယနေ့ ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
“မြို့နယ်ရုံးက ကျနော်တို့ ကျောင်းသား ၇ ဦးကို လွှတ်ပေးခဲ့တာကို တပ်မတော်ဘက်က ကျေနပ်မှုမရှိတဲ့ အတွက် ပုသိမ်ခရိုင်ရုံးကို ပြင်ဆင်မှုတက်ခဲ့တာပါ။ ဒီနေ့ ပထမဆုံးရုံးချိန်းခေါ်တာပေါ့။ အမှုတွဲကို မြို့နယ်ရုံးက ပေးပို့လာတာ မရှိသေးတဲ့အတွက် ဒီနေ့ မစစ်နိုင်ခဲ့ဘူး။ နောက်တပတ် ရုံးချိန်းရက်ပေးပြီး တရားခွင် ပြီးသွားတယ်” ဟု တရားစွဲခံနေရသူ ကျောင်းသား ကိုမင်းမင်းက ဧရာဝတီကို ပြောသည်။
တပ်မတော်မှ ပုသိမ်ခရိုင်တရားရုံးသို့ အယူခံတက်ခဲ့သည့်အတွက် ပုသိမ်မြို့နယ်တရားရုံးမှ တရားရှင် လွှတ်ပေးခဲ့သည့် ကိုမင်းမင်း အပါအဝင် ကျောင်းသား ၇ ဦးမှာ ပုသိမ်ခရိုင်တရားရုံးတွင် အမှု ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။
ထို့ပြင် ပြဇာတ်ဦးဆောင်သူ ကိုအောင်ခန့်ဇော်နှင့် ကိုမြတ်သူထက်တို့မှာ တပ်ကစွဲဆိုထားသည့် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ခံရသည့်အတွက် ပုသိမ်မြို့နယ်တရားရုံးတွင် အမှု ဆက်လက်ရင်ဆိုင်နေရသည်။
ပုသိမ်ခရိုင်တရားရုံးတွင် အမှုရင်ဆိုင်နေရသည့် ကျောင်းသား ၇ ဦးအမှုကို ဇွန်လ ၂၃ ရက်နေ့တွင် ခရိုင်ရုံးတွင် ကြားနာမည်ဖြစ်ပြီး ပုသိမ်မြို့နယ်တရားရုံးတွင် စွဲချက်တင်ခံနေရသည့် ကျောင်းသား ၂ ဦးအမှုကို ဇွန်လ ၂၈ ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမှု ၂ ခုစလုံး၏ တရားလိုမှာ တပ်မတော်ကိုယ်စား တရားစွဲဆိုသည့် နတခမှ ဒု ဗိုလ်မှူးကြီးအောင်မျိုးခိုင် ဖြစ်သည်။
“မြို့နယ်ရံုံးက တရားရှင်လွှတ်ပေးထားတာကို ခရိုင်ကို ဆက်တက်ပြီး ထပ်စွဲတယ်ဆိုတော့ တပ်မတော်အနေနဲ့ ကျနော်တို့ ကျောင်းသားတွေကို အလွတ်မပေးချင်တဲ့ ထောင်ကျစေချင်တဲ့ သဘောမျိုး ခံစားရတယ်။ ကျနော်တို့ ကတော့ ဥပဒေအတိုင်းပဲ ဆက်လက်ရင်ဆိုင်သွားမှာပါ”ဟု ခရိုင်တရားရုံးတွင် တရားစွဲခံနေရသူ ကိုအောင်ကောင်းမြတ်က ပြောသည်။
ပုသိမ်ဟိုတယ်တွင် ကျောင်းသားများ ကပြခဲ့သည့်ပြဇာတ်မှာ တရားသောစစ်ပွဲထောက်ခံသူများအား အောက်ဆီဂျင်အမည်ရှိ သတင်းဌာနမှ အင်တာဗျူးမေးမြန်းသည့်ပုံစံဖြင့် တင်ဆက်ကပြခဲ့ခြင်း ဖြစ်သည်။
ပုသိမ်ဟိုတယ်တွင် ကပြခဲ့သည့် စစ်ပွဲအလိုမရှိကြောင်းပြဇာတ်နှင့် ပတ်သက်၍ ဒု ဗိုလ်မှူးကြီး အောင်မျိုးခိုင်က ပြဇာတ်ကသည့် ကျောင်းသားများကို အသရေဖျက်မှုဖြင့် တရားစွဲခဲ့သလို ၎င်းပြဇာတ်ကို ဖေ့စ်ဘုတ် တွင် တိုက်ရိုက်လွှင့်တင်ခဲ့သည့် ပုသိမ်မြို့ အခြေစိုက် HRAA အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဦးကိုလည်း ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည့်အတွက် ဦးထွန်းထွန်းဦးမှာ ပုသိမ်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသည်။