သတင်း

မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင်အား ပစ်သတ်သူ ၂ ဦးကို KIO သေဒဏ် နှင့် ထောင်ဒဏ်ချမှတ်

Want create site? Find Free WordPress Themes and plugins.

 

ကချင်ပြည်နယ် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (Pat Jasan)မှ အဖွဲ့ဝင်တဦးကို သေနတ်ဖြင့် ပစ်သတ် ခဲ့သည့် ဘိန်းခင်းပိုင်ရှင် ၂ဦးအား ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တရားရုံးက တဦးကို သေဒဏ်၊ တဦးကို ထောင် ဒဏ် ၇ နှစ် ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် တနိုင်းမြို့နယ်အတွင်း Pat Jasan အဖွ့ဲဝင်များက ဘိန်းခင်းများကို လိုက်လံဖျက်ဆီးရာ ဘိန်းခင်း ပိုင်ရှင်များဖြစ်သည့် ဦးအင်ဆေနော်မိုင်နှင့် ဦးဒိုင်ဖာဂမ် တို့က တူမီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် Pat Jasan အဖွဲ့ဝင် အသက် ၁၉ နှစ်အရွယ် မောင်လထော်တူဆိုင်း သေဆုံးခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ KIO တရားရုံးက ဦးအင်ဆေနော်မိုင်ကို သေဒဏ်၊ ဦးဒိုင်ဖာဂမ်ကို ထောင်ဒဏ် ၇ နှစ် ချမှတ် လိုက် ခြင်း ဖြစ်သည်ဟု သိရသည်။

KIO ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက “ဘိန်းခင်း ဖျက်ဆီးတဲ့အခါမှာ သူတို့ကတော့ ဘိန်းခြံ ပိုင်ရှင်လို့ ပြောကြတယ်။ တူမီးသေနတ်နဲ့ ပစ်ပြီးမှ လူထု အခြေပြု မူးယစ် တိုက်ဖျက်ရေး အဖွဲ့က လူတယောက်ကို ပစ် သတ် လိုက်တယ်။ အဲ့ဒီအမှုနဲ့ ပတ်သက်လို့ အခု KIO တရားရုံးကနေ ဒီပြစ်ဒဏ် စီရင်တယ်လို့ သတင်းက ထွက်ပါတယ်။ ကျနော့်ဆီမှာတော့ တရားဝင်စာရတာ မရှိသေးပါဘူး။ အွန်လိုင်းမှာ တွေ့ရတဲ့ အတိုင်းတော့ ဖြစ်ပါတယ်”ဟု ပြောသည်။

သေဒဏ်နှင့် ထောင်ဒဏ် ချမှတ်လိုက်သည့် သတင်းမှာ ဇွန်လ ၁၃ ရက်က လူမှုကွန်ရက် အသုံးပြုသူများ က ရေးသားပြီး တရားစီရင်ရေး ကြားနာနေသည့် ဓာတ်ပုံများ တင်ထားရာမှ သတင်း ပျံ့နှံ့လာခြင်း ဖြစ်သည်။

ဦးအင်ဆေးနော်ဆန်နှင့် ဦးဒိုင်ဖာဂမ်တို့မှာ တနိုင်းမြို့နယ် တရုန်းကျေးရွာ ဒေသခံများဖြစ်ပြီး ဘိန်းစိုက်ပျိုး ကြသူများလည်း ဖြစ်သည်ဟု သိရသည်။

ဒုဗိုလ်မှူးကြီး နော်ဘူက ဦးအင်ဆေးနော်ဆန်နှင့် ဦးဒိုင်ဖာဂမ်တို့ကို မည်သည့်အချိန်တွင် စတင် တရားစီရင်သည် ဆိုသည် နှင့် တရားစီရင်မှု အပိုင်း အချက်အလက်များမှာ သတင်းနှင့် ပြန်ကြားရေးဌာနသို့ ပေးပို့ထားခြင်း မရှိသဖြင့် အသေးစိတ် မသိ ရှိ ပါဟု ဆိုသည်။

“သေဒဏ်ဆိုတဲ့နေရာမှာ သေနတ်နဲ့ ပစ်သတ်တာတွေလည်း ရှိတယ်။ ကျနော် လက်လှမ်းမီ သလောက်တော့ သေဒဏ်မျိုး မကြုံဖူးပါဘူး။ နောက်တခုက သေဒဏ်ချမှတ်ပြီးမှ အယူခံဝင်ပြီး ပြန်ပြီး အသက်ကို ချမ်းသာ ပေးတာမျိုးလည်း ရှိပါတယ်” ဟု ဒုဗိုလ်မှူးကြီး နော်ဘူက ရှင်းပြသည်။

KIO က ဘိန်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် မူဝါဒများ ချမှတ်ကာ ဝန်ထမ်းများ ခန့်အပ်ပြီး လုပ်ဆောင်နေမှု များ ရှိသဖြင့် ပြည်သူလူထု ဖြစ်စေ၊ KIO အမှုထမ်းများ ဖြစ်စေ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းမိပါက ပြစ်ဒဏ်ခတ်ခြင်း၊ တရားစီရင်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟုလည်း ဒုဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

KIO က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မူဝါဒများကို အဖွဲ့အစည်းအတွင်း ၁၉၆၃ ခုနှစ်ကတည်းက သတ်မှတ်ကာ ဘိန်း တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။

တနိုင်းမြို့နယ် Pat Jasan အဖွဲ့ဝင် ဦးဆောင်သူ တဦးဖြစ်သည့် ဦးနော်တောင်က အခင်းဖြစ်ပွားပြီးချိန် နောက်ပိုင်းတွင် KIO က ဘိန်းခင်းပိုင်ရှင်များကို ခေါ်ယူစစ်ဆေးသည်ဟု သတင်းကြားကြောင်း၊ သို့သော် အသေးစိတ် မသိရှိကြောင်း၊ KIO ၏ တရားစီရင်ရေးကိုလည်း မသိကြောင်း ပြောသည်။

ဦးနော်တောင်က “အခု တရားစီရင်တယ် ဆိုတာကိုတော့ Facebook မှာ တွေ့လိုက်တယ်။ ကျနော်တို့ဆီ တရားဝင်စာ ရောက် လာတာတော့ မရှိဘူး။ အဲ့ဒါကြောင့် အတိအကျအနေနဲ့ကတော့ ဘယ်လိုဘယ်လို တရားစီရင်တယ်ဆိုတာ ကျနော် မပြောနိုင်ပါဘူး” ဟု ပြောသည်။

၂၀၁၆ ခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှ Pat Jasan အဖွဲ့ဝင်များက ကချင် ပြည်နယ် အတွင်း ရှိ ဘိန်းခင်းများကို လိုက်လံဖျက်ဆီးရာ တနိုင်းမြို့နယ်တွင် မောင်လထော်တူဆိုင်း သေဆုံးခဲ့သလို ဝိုင်းမော် မြို့နယ် အထူးဒေသ (၁) တွင်လည်း ဘိန်းခင်းပိုင်ရှင်များ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် လူဦးရေ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ဘိန်းထပ်မံစိုက်ပျိုးသည်ဟု သတင်းရရှိသည့် နေရာများကို ဖျက်ဆီးရန်အတွက် အစိုးရက လုံခြုံရေး ကူညီပေးရန် Pat Jasan အဖွဲ့က ဖေဖော်ဝါရီလတွင် စာတင် တောင်းဆိုခဲ့ကြောင်း၊ အစိုးရမှ အကြောင်းမပြန်ခဲ့သဖြင့် Pat Jasan အဖွဲ့၏ ဘိန်းဖျက်ဆီးရေး လုပ်ငန်းများ မလုပ်ဆောင် ဖြစ်ပါ ဟုလည်း ဦးနော်တောင်က ပြောသည်။

Pat Jasan အဖွဲ့က ဘိန်းပင်များ လိုက်လံ ဖျက်ဆီးရာတွင် ဘာသာရေး ဆရာများလည်း ဦးဆောင် ပါဝင်ခဲ့ပြီး အမျိုးသမီး များ၊ လူငယ်များ၊ လူကြီးများလည်း ၂၀၀၀ ကျော် ပါဝင်ခဲ့ကြသည်။

လက်ရှိတွင် Pat Jasan အဖွ့ဲက ဘိန်းဖြတ်စခန်းများ ဖွင့်လှစ်ကာ ဘိန်းဖြတ်ပေးနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေသူ များ ကိုလည်း စောင့်ကြည့် ဖမ်းဆီးကာ ရဲ လက်အပ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading