တရားသူကြီးကို တရားခွင်အတွင်း ဖိနပ်ဖြင့်ပစ်ပေါက်မှုအပြီး မြို့နယ်တရားရုံးများရှိ တရားရေးဝန်ထမ်းများကို အများပြည်သူကို ပျုငှာစွာဆက်ဆံတက်စေရေး Customer Service သင်တန်းများ ပို့ချသွားမည်ဟု မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှ သိရသည်။
မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းတရားရေးဦးစီးမှုး ဦးမြင့်စိုးက “တရားစီရင်ရေးကို ပြောင်းလဲဖို့ ပြင်ဆင်နေပြီ။ တရားရုံးတွေမှာ အရင်လိုမဟုတ်တော့ဘဲ အများပြည်သူကို ဝန်ဆောင်မှုပေးနိုင်ရေးအတွက် သင်တန်းပို့ချဖို့ လုပ်နေပါပြီ” ဟု ပြောသည်။
တရားစီရင်ရေးစနစ် ကောင်းမွန်စေရန် ၃ နှစ်မဟာဗျူဟာ စီမံချက်အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် USAID တို့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၃ နှစ် စီမံကိန်း ဆောင်ရွက်လျက်မည် ဖြစ်သည်။
အများပြည်သူ ဝန်ဆောင်မှုနှင့် ပတ်သတ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ဗဟိုအဆင့်သင်တန်းများ ပို့ချပေးနေကြောင်း ၎င်းက ပြောသည်။ ဗဟိုအဆင့်မှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် တရားရုံးများရှိ တရားရေးဝန်ထမ်းများကို လာမည့်လအတွင်း ဆင့်ပွားသင်တန်းများ ပို့ချသွားမည်ဟု ဆိုသည်။
ထိုစီမံချက်နှင့် ပတ်သက်ပြီး တရားရုံးဆိုင်ရာကိစ္စများတွင် လိုက်ပါကူညီပေးနေသည့် ဒေါ်အမာနီက “တရားသူကြီးဆိုတာ သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ သူစည်းမျဉ်းအတိုင်း အမိန့်ချရမှာကို တချို့အမှုတွေမှာ အထက်အမိန့်ဆိုတဲ့ ကိစ္စတွေက ရှိနေသေးတုန်းပဲ။ တရားစီရင်ရေးကို အဓိကပျက်ယွင်းစေတဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ပပျောက်အောင် အရင်လုပ်ဖို့ လိုအပ်တယ်” ဟု ပြောသည်။
မဟာဗျူဟာ စီမံချက်အရ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူအများ ယုံကြည်ကိုးစားသည့် ပြည်သူ့အကျိုးပြု တရားစီရင်ရေးစနစ် ပေါ်ထွန်းရေး၊ အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စီရင် ဆုံးဖြတ်ရေး၊ တရားရုံးများ၏ ဂုဏ်သိက္ခာ မြင့်တင်ရေးစသည့် ရည်မှန်း ချက် ၄ ချက်ဖြင့် ဆောင်ရွက်သွားမည်ဟု ဦးမြင့်စိုးက ဆက်ပြောသည်။
မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီ ဥက္ကဌ ရှေ့နေဦးတင်အောင်က “ဒီနေ့ထိတော့ တရားရေးနဲ့ပတ်သတ်ရင် ပြည်သူတွေဆီက ပြန်ကြားတဲ့အသံတွေက အားရစရာ သိပ်မရှိဘူး။ ပြည်သူတွေစိတ်ထဲ တရားစွဲရင် တရားမျှတမှု ဖြစ်ပါ့မလား။ ငွေများတရားနိုင် ဖြစ်မှာလားဆိုတဲ့ အတွေးတွေနဲ့ တရားစီရင်ရေးအပေါ် ယုံကြည်မှု ပျောက်နေကြတယ်” ဟု ပြောသည်။
USAID က ကောက်ယူထားသည့် စစ်တမ်းအရ တရားရုံးအပေါ် ကျေနပ်မှုရှိသူ ၆၁ ရာခိုင်နှုန်း ရှိနေကြောင်းနှင့် ယခုစီမံကိန်း ပြီးစီးချိန်တွင် ၈၀ ရာခိုင်နှုန်းအထိ ရှိလာစေရန် ရည်မှန်းထားသည်ဟု ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၃၀ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တရားရုံး၌ အမှုစစ်ဆေးနေစဉ် မြို့နယ်တရားသူကြီး၏ ဆုံးဖြတ်ချက်မှာ မှန်ကန်မျှတခြင်း မရှိဟုဆိုကာ တရားလွှတ်တော်ရှေ့နေတဦးက တရားခွင်အတွင်း တရားသူကြီးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ပြီး ညစ်ညမ်းသည့် စကားအသုံးအနှုန်းဖြင့် ပြစ်တင်ပြောဆိုခဲ့မှု ဖြစ်ပွားခဲ့သည်။
တရားစီရင်ရေးစနစ် ကောင်းမွန်စေရေး ၃ နှစ် မဟာဗျူဟာ စီမံကိန်းတွင် တရားရုံးအဂါၤရပ်နှင့် မညီသည့် တရားရုံးများကို ပြည်ထောင်စု ဘတ်ဂျတ်ဖြင့် အသစ်ပြန်လည်တည်ဆောက်ခြင်း၊ ရှေ့ပြေးတရားရုံးများ ဖွင့်လှစ်ခြင်း၊ တရားရေးဝန်ထမ်းများကို အရည်အသွေးမြှင့် သင်တန်းများ ပို့ချပေးခြင်းတို့ ပါဝင်ကြောင်း မန္တလေးတိုင်း တရားရေးဦးစီးဌာနမှ သိရသည်။