ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှု များပြားနေပြီး ထိုသို့ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရေးသည် ပြည်သူလူထု၏ တာဝန်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက “မီးမလောင်ခင် တားဖို့က ပြည်သူလူထု တာဝန်၊ မီးလောင်ရင် နှိမ်နင်းဖို့က မီးသတ်သမားတာဝန်ပါ။ အလားတူပဲ သွေးလွန်တုပ်ကွေးလူနာတွေ မရှိခင်မှာ ကာကွယ် ရေးကို ထိထိရောက်ရောက် လုပ်ဖို့က လူထုတာဝန် ဖြစ်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရှိလာခဲ့ပြီ ဆိုရင် လူနာနဲ့ အိမ်ပတ်ဝန်းကျင် ကိုက် ၁၀၀ ကို နှိမ်နင်းရေးလုပ်ငန်းတွေ လုပ်ဖို့က ဆရာတို့ တာဝန်ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်စသည့် ခြင်ကြောင့် ဖြစ်တတ်သော ရောဂါများ မကူးစက်အောင် ကာကွယ်ရေးတွင် တွင် လူထု၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း မိမိ၏မိသားစု၊ သားသမီးများကို ကာကွယ်ရန် မိမိ၏ အိမ်၊ လမ်း၊ ရပ်ကွက်အတွင်း ခြင်ကျားများနှင့် ပိုးလောက်လမ်းများ မရှိအောင် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လေးလေးနက်နက် တိုက်တွန်းလိုကြောင်းလည်း ၎င်းက ဆိုသည်။
ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေခြင်းကြောင့် ၂၀၁၇ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေး အများဆုံး ဖြစ်ပွားသည့် လှိုင်သာယာမြို့နယ်တွင် အိမ်ခြေ ၁၀၀ လျှင် ၂၀ နှုန်း ခြင်ပေါက်ဖွားမှု မြင့်တက်နေသည်ကို တွေ့ရှိနေရ ကြောင်း လှိုင်သာယာမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်ရူပစိုးက ဧရာဝတီကို ပြောသည်။
ဒေါက်တာခင်ရူပစိုးက “ပြည်သူလူထုတွေက တအားကြီး ပူးပေါင်းဆောင်ရွက်တာ မရှိတော့ အိမ် ၁၀၀ စစ်ရင် အနည်းဆုံးအိမ် ၂၀ က တွေ့နေရပြီး အိုးခွက် ၁၀၀ မှာ ၅၀ လောက်က မြင်တွေ့နေရတုန်းပဲ။ ကျန်းမာရေး အသိပညာ နည်းပါးတာတွေကြောင့်လည်း ဖြစ်ပါတယ်။ ဝမ်းရေးအတွက်ပဲ လုံးပန်းနေကြရသလို ဖြစ်နေတယ်”ဟု ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းတွင် လူနေသိပ်သည်းပြီး စနစ်မကျသည့် မြို့ပြ လူနေမှုစနစ်ကြောင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်တက်လာလာနေခြင်းကို လျော့ချနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအေးမွန်မွန်ကျော်က ဧရာဝတီကို ပြောသည်။
ဒေါက်တာအေးမွန်မွန်ကျော်က “ရန်ကုန်တိုင်းကတော့ ဖြစ်ပွားမှုများတယ်။ တတိုင်းပြည်လုံး သန်း၅၀ကျော် ရှိတဲ့ အထဲမှာ ရန်ကုန်တိုင်းက ၈ သန်းကျော် ၁၀ သန်းလောက် နီးနီးပဲ ။ လူဦးရေသိပ်သည်းမှုများပါတယ်။ အဲဒီအတွက်လည်း ဖြစ်ပွားမှုနှုန်း များတာပေါ့” ဟု ဆိုသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်သည့် ခြင်မျိုးများ ပေါက်ဖွားနိုင်သော ရေကြည်၊ ရေသန့်များတွင် ခြင်များ ဥ ဥခြင်း မပြုလုပ် နိုင်ရန် ဆောင်ရွက်ခြင်း၊ လောက်လမ်းများ နှိမ်နင်းခြင်းတို့ကို ပြညသူလူထုနှင့် အစိုးရအဖွဲ့အစည်းများ အကူအညီဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခုနှစ် ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၁၅ နှစ်အောက် ကလေးငယ် ၉ ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၀ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါ ၉၀၆ ဦးဖြစ်ပွားသည့်အနက် ၆ ဦးသေဆုံးခဲ့ပြီး ၂၀၁၁ တွင် ၁၀၂ ဦး၊ ၂၀၁၂ တွင် ၁၁၇ ဦး ဖြစ်ပွားခဲ့ကာ၊ ၂၀၁၃ တွင် ဖြစ်ပွားသူ ၁၀၁၄ ဦးအနက် ၅ ဦး၊ ၂၀၁၄ တွင် ၄၅၆ ဦးအနက် ၃ ဦး၊ ၂၀၁၅ တွင် ၉၆၈ ဦးအနက် ၆ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၂၈၀ ဦးအနက် ၄ ဦး သေဆုံးခဲ့ရကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။