မကွေးတိုင်းဒေသကြီး မကွေးမြို့ အခြေစိုက် MGY သတင်းနှင့် ရသစုံ ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးတင်ရွှေ၊ ဂျာနယ်အသင်းဝင် မကွေးနယ်ခံသတင်းထောက် မဖူးပွင့်နေခြည်နှင့် မဇာဇာစန်း တို့ကို မကွေးမြို့နယ် မယ်လှတောင် အုပ်စု အုပ်ချုပ်ရေးမှူး ဦးဌေးလွင်က ဆက်သွယ်ရေးပုဒ်မ ၆၆ ဃဖြင့် မကွေးမြို့ အမှတ် ၂ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
မကွေးမြို့ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းဦးက “လောလောဆယ် စခန်းမှာ အမှုဖွင့်ထားပါတယ်။ စစ်ဆေးမေးမြန်းမှု တွေ လုပ်ဖု့ိကိုလည်း ကာယကံရှင်တွေကို ကျနော်တို့ ဆက်သွယ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တင်ရွှေ(မင်းဘူး)၏ ဖေ့စ်ဘုတ်အကောင့်တွင် မယ်လှတောင် ကျေးရွာအုပ်စု၊ သင်္ဘောဆိပ်ကျေးရွာတွင် ပြုလုပ်သည့် ကိစ္စကို မြင်းကင်းကျေးရွာဟု အမည် အလွဲသုံးစား ပြုလုပ်၍ မမှန်မကန်ပြုလုပ်ခဲ့ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်သည့်အပြင် ကျေးရွာရှိ လူထုများနှင့် စည်းရုံးမှု ပျက်ပြားအောင် မမှန်မကန် သတင်းတင်ပြခဲ့သဖြင့် အရေးယူပေးရန် မကွေးနယ်မြေရဲစခန်းသို့ မယ်လှတောင် အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်က တိုင်ကြားထားသဖြင့် ဆယ်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
သတင်းထောက် မဇာဇာစန်းကိုလည်း အဆိုပါ ပို့စ်အောက်တွင် “မဖြစ်သင့်တာတွေပါ” ဟု သဘောထားမှတ်ချက် ဝင်ရောက် ရေးသားသဖြင့် ပုဒ်မ ၆၆ ဃ ဖြင့် တရားစွဲခြင်းဖြစ်သည်ဟု သိရသည်။
“မေလ ၂၈ ရက်နေ့က သူတို့ လမ်းပြင်နေတယ်ဆိုတာကို သတင်းသွားယူတယ်။ ယူရင်းနဲ့ အဲဒီမှာ အုတ်ဖုတ်လုပ်ငန်း လုပ်နေတာတွေ့လို့ မကွေးတိုင်းအစိုးရ က ပိတ်ပင်ထားကို ဘာလို့လုပ်နေတာလဲလို့ မေးတာ။ အဲဒီမှာ စတွေ့တာပါ။ နောက်တော့ ဖေ့စ်ဘုတ်မှာ ပို့စ်တင်လိုက်တယ်။ အဲဒါကို တရားစွဲထားတယ်လို့တော့ ကြားပေမယ့် ရဲစခန်းကတော့ ကျနော်တို့ကို လာပြီးတော့ အကြောင်းကြားတာ မရှိသေးပါဘူး။ ဇာဇာ ဆိုတဲ့ ကလေးမလေးက အဲဒီပို့စ်အောက်မှာ မှတ်ချက်ဝင်ပေးတာကိုပါ ၆၆ ဃနဲ့ တရားစွဲတာပါ။ ဖူးပွင့်နေခြည်ကို ဘာအကြောင်းနဲ့ စွဲသလဲတော့ ကျနော်တို့လည်း သိချင်နေတာ” ဟု MGY သတင်းနှင့် ရသစုံဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးတင်ရွှေက ပြောသည်။
ဆက်သွယ်ရေး ဥပဒေ ဆိုင်ရာ သုတေသနအဖွဲ့မှ ကောက်ခံရရှိထားသည့် စာရင်းများအရ ယခင် အစိုးရ လက်ထက်မှ ယနေ့အထိ ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့အမှုပေါင်းဟာ ၆၀ ကျော်ရှိပြီဖြစ်ပြီး လက်တလောတွင် The Voice ဂျာနယ် အယ်ဒီတာချုပ်နှင့် သရော်စာ ရေးသားသူကို ပုဒ် ၆၆ ဃဖြင့် တပ်မတော်ဘက်က အမှုဖွင့်တရားစွဲဆိုကာ ဖမ်းဆီးထားသည်။