မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရတို့က ဘတ်ဂျက်ချထားပေးခြင်း မရှိသဖြင့် အလှူရှင်များ၏ တနိုင်တပိုင် ထည့်ဝင်သည့် အလှူငွေဖြင့်သာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ လုပ် ဆောင်နေရကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဇွန်လ ၁၅ရက်နေ့၊ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့သည်။
ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက “ နိုင်ငံတော်အစိုးရက ချမှတ်ထားပေးတဲ့ ဘတ်ဂျက်၊ ပြည်နယ်အစိုးရက ချမှတ်ပေးထားတဲ့ ဘတ်ဂျက် လုံးဝ မရှိပါဘူး၊ ကိုယ့်အားကိုယ်ကိုးပြီးတော့မှ တနိုင်တပိုင် ဆောင်ရွက်နေရတဲ့ အနေအထား ဖြစ်တယ်၊ အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါနေတဲ့ အချက်ကတော့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စရပ်တွေကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဘတ်ဂျက်လိုတာ အမှန်ပဲ ဖြစ်ပါတယ် ” ဟု ရှင်းလင်း တင်ပြခဲ့သည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရာတွင် သတင်းကြားရုံမျှဖြင့် ဖမ်းဆီး၍ မရဘဲ သက်သေခံပစ္စည်းများ ဖမ်းဆီး ရယူနိုင်ရန် လုပ်ဆောင်ရသည့် အခြေအနေတွင် ဖမ်းဆီးသူများ အနေဖြင့် ရောင်းချသူများ၏ ရှေ့မှောက်တွင် ကိုယ်တိုင် သုံးစွဲရသည့် အခြေအနေများလည်း ရှိ၍ အခက်အခဲများကြားက အကောင်အထည်ဖော် လုပ်ဆောင်နေရကြောင်း၊ တာဝန် ယူမှု တာဝန်ခံမှု မြင့်မားစွာ လုပ်ဆောင်နေရပြီး တခုခု မှားယွင်းပါကလည်း ဖမ်းဆီးသူများကိုယ်တိုင် အရေးယူခံရမည့် အနေအထားနှင့် စိန်ခေါ်မှုများ ရှိနေကြောင်း ၎င်းက ပြောသည်။
မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ မူးယစ်ဆေးဝါးမှု ၂၈၃ မှုအား ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး တရားခံ ၄၂၅ ဦးတို့အား ပြစ်ဒဏ်များ အသီးသီး ချမှတ်ခဲ့ပြီး ဖြစ်သည်။
ထို့ပြင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့ အထိ မူးယစ်ဆေးဝါး အမှုပေါင်း ၁၁၄ မှုအား ဖော်ထုတ် နိုင်ခဲ့ပြီးဖြစ်ကာ စိတ်ကြွှဆေးပြားပေါင်း ၈၁၃၅၈ ပြားကို သိမ်းဆည်းမိခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက လွှတ်တော်တို့ တင်ပြခဲ့သည့် စာရင်းများအရ သိရသည်။
မွန်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖော်ထုတ် ဖမ်းဆီး အရေးယူခြင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အခမဲ့ ဆေးဖြတ်ပေးခြင်းနှင့် ပြည်လည် ထူထောင်ရေး လုပ် ဆောင်ခြင်း၊ မူးယစ်တရားခံများအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် လုပ်ဆောင်ခြင်း စသည့် ကဏ္ဍလေးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ယင်းလွှတ်တော် အစည်းအဝေးတွင် သထုံမဲဆန္ဒနယ် အမှတ် ၂ မှ ဦးအောင်ကျော်သူ တင်သွင်းထားသည့် “ကျောင်းသား လူငယ်များအကြား မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခြင်းကို ပြည်နယ်အစိုးရအနေဖြင့် ပိုမိုထိရောက်သော နည်းလမ်း များဖြင့် အလေးထား စီမံဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း ” အဆိုကိုလည်း မွန်ပြည်နယ်လွှတ်တော်က ကန့်ကွက် သူမရှိ အဆိုပြုခဲ့သည်။
မွန်ပြည်နယ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူး သိန်းဇော်ကလည်း “အခု အချိန်မှာတော့ မူးယစ် ဆေးဝါးဟာ ပုံစံ အမျိုးမျိုးနဲ့ ဝိသမလောဘသားတွေ ထုတ်လုပ်လာကြပြီးတော့ မြို့တိုင်း၊ ရွာတိုင်းမှာ ဆေးပြားအသွင်နဲ့ ပျံ့နှံ့လာတဲ့အတွက် ကျောင်းသား လူငယ်များအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်ဆိုတာ အားလုံး အသိပဲ ဖြစ်ပါတယ်၊ မွန်ပြည်နယ် အတွင်းမှာလည်း မူးယစ်ဆေးဝါးကို ကျောင်းသား လူငယ်များ အပါအဝင် လူရွယ်၊ လူလတ်၊ လူကြီးများပါမကျန် သုံးစွဲနေတာကို ဝမ်းနည်းဖွယ် တွေ့နေရပါတယ်” ဟု တင်ပြခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘတ်ဂျက်ရရှိနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ယခုဘဏ္ဍာနှစ်အတွင်း၌ မဖြစ်နိုင်သေးကြောင်း လွှတ်တော် အစည်းအဝေး အပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသွားခဲ့သည်။