သတင်း

အိုးအိမ်ဆုံးရှုံးပြီး တနိုင်း စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေ

Want create site? Find Free WordPress Themes and plugins.

အသက် ၃၅ နှစ်အရွယ် စတီဗင်နော်ရင်းနှင့် သူ၏ မိသားစုသည် ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ နန်းကွန်ရွာမှ သူတို့၏ အိမ်ကို လွန်ခဲ့သော ၃ ရက်က စွန့်ခွာ ထွက်ပြေးလာခဲ့ရသည်။

မြန်မာ့ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားပြီး ကချင် တိုင်းရင်းသား လယ်သမား စတီဗင်နော်ရင်းမှာ နေအိမ်ကိုသာ မက သူမွေးမြူထားသော တိရစ္ဆာန်များနှင့် အရေးကြီးသော စာရွက် စာတမ်းများ အပါအဝင် ပိုင်ဆိုင်သမျှ အများစုကို စွန့်လွတ်ခဲ့ရသည်။

အိမ်ကို ပြန်သွားပြီး စာရွက်စာတမ်း အချို့ကို ပြန်ယူလိုသည် ဟု တနိုင်းမြို့ရှိ ကချင် နှစ်ခြင်း အသင်းတော် (KBC) ၏ စုဝေးခန်းမ သမံတလင်းပေါ်တွင် အင်္ဂါနေ့ညနေက ဧရာဝတီသတင်းဌာနကို သူက ပြောသည်။

အမျိုးသမီးနှင့် မွေးကင်းစများ အပါအဝင် ကလေးအများစု ပါသော လူ ၅၀၀ ခန့်မှာ ကြမ်းပြင်ပေါ်တွင် ကျပ်ကျပ် တည်းတည်း ခိုလှုံနေကြရသည်။ မိသားစုများက လှူဒါန်းလာသော အစားအသောက်ကို တန်းစီယူနေရပြီး တချို့မှာ ပင်ပန်း နွမ်းနယ်ပြီး အိပ်ပျော်နေကြသည်။

ကချင် စစ်ဘေးရှောင်များ သည် ၉၅၀ ခန့်မှာ တနိုင်းရှိ ခရစ်ယာန် ဘုရားကျောင်းများတွင် ခိုလှုံနေကြရသည်။ KBC တွင် လူ ၅၀၀၊ ကက်သလစ် ဘုရားကျောင်းတွင် ၂၀၀၊ အင်ဂလီကန် ဘုရားကျောင်းတွင် ၁၃၃ နှင့် ၁၂၀ မှာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရသည်။

သို့သော် KIA နှင့် မြန်မာ့ တပ်မတော်တို့ ဇွန်လ ၆ ရက်နေ့က စပြီး တိုက်ပွဲ ဖြစ်ပွားချိန်မှ စ၍ ကွမ်ရ၊ အန်ဂါဂါနှင့် နမ်ဗျုအနီး KIA ထိန်းချုပ် ဒေသမှ ရပ်ရွာ ၁၀ ခုမှ ထောင်နှင့် ချီသော ရွာသားများနှင့် ပယင်းမှော်၊ ရွှေမှော်များမှ ရွှေပြောင်း လုပ်သားမှာ ထွက်ပြေး နေရသည်ဟု ဒေသခံများက ခန့်မှန်းသည်။

ရွှေ့ပြောင်းလုပ်သား အများအပြားသည် မြို့နယ် အတွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေကြပြီး အချို့မှာ ဇာတိမြို့များသို့ ပြန်ရန် ပြည်နယ်မြို့တော် မြစ်ကြီးနားသို့ သွားရောက်ကြသည်။ သို့သော် ဒေသခံများမှာ ၎င်းတို့ အတွက် သွားရန်နေရာ မရှိ ဟု ခံစားနေရသည်။

“ကျနော်တို့က ရွှေ့ပြောင်း လုပ်သားတွေနဲ့ မတူဘူး။ ကျနော်တို့က အိုးအိမ်ပိုင်ဆိုင်မှု တွေကိုပါဆုံးရှုံးလိုက်ရ ပေမယ့် သူတို့က ဒီလို မဆုံးရှုံးဘူး” ဟု တခါတရံ မှော်များတွင်လည်း လုပ်ကိုင်သော စတီဗင်နော်ရင်းက ပြောသည်။

ဇွန်လ ၈ ရက်နေ့က သူ၏ ရွာပေါ်သို့ စစ်ရဟတ်ယာဉ်မှ ကြဲချသော စာရွက်များတွင် ရွာသားများ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန်နှင့် မထွက်ခွာပါက ထိုဒေသတွင် စစ်ဆင်ရေးပြုလုပ်သောအခါ ၎င်းတို့ကို သူပုန် အဖြစ် သတ်မှတ်ပြီး အရေးယူမည် ဟု ဖော်ပြထားသည်။

သို့သော် မြန်မာ့ တပ်မတော် မြေပြင်တပ်များသည် KIA ကို ဇွန်လ ၉ ရက်နေ့က စတင် တိုက်ခိုက်သည် ဟု ဒေသ သတင်းရင်းမြစ်များ က ပြောသည်။ KIA သည် ထိုဒေသတွင် မှော်များကို ခွင့်ပြုထားပြီး သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေသောကြောင့် KIA ကို တိုက်ခိုက်မည် ဟု မြန်မာ့ တပ်မတော်က ကြဲချခဲ့သော စာရွက်များတွင် ရေးသားထားသည်။

ထိုဒေသမှ ရွှေမှော်၊ ပယင်းမှော်များကို ယခုမှ လုပ်ကိုင်ခြင်း မဟုတ်ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။ ထိုရွှေမှော်၊ ပယင်းမှော်များကို KIA နှင့် မြန်မာ့ တပ်မတော်အကြား အပစ်အခတ် ရပ်စဲရေး သဘောတူပြီး ၂၀၀၀ ပြည့်နှစ် ကပင် စတင် လုပ်ကိုင်နေခြင်း ဖြစ်သည်။

ရွှေမှော်၊ ပယင်းမှော်များသည် KIA ၊ ရွှေ့ပြောင်းလုပ်သားများ နှင့် ဒေသခံများ၏ ဝင်ငွေရင်းမြစ်ဖြစ်သည်၊ တနိုင်းမြို့မှ ပြည်သူများနှင့် စီးပွားရေး လုပ်ငန်း အများစုတို့သည် ဝင်ငွေ အတွက် မှော်များကို မှီခိုကြရသည်။

မကြာသေးမီ ရက်များက တနိုင်းမြို့တွင် မှော်များမှ ထွက်ပြေးလာသူများနှင့် ပြည့်ကျပ်နေသည်။ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များ တွင်လည်း လူပြည့်နေပြီး ဘတ်စ်ကားများနှင့် တက္ကစီများက လူများကို မြစ်ကြီးနားသို့ ခေါက်ပြန် သယ်ပို့နေကြရသည်။

စစ်ဘေးရှောင်များကို မောင်းထုတ်ရန် ဖိအား

စတီဗင်နော်ရင်း အပါအဝင် ကချင် စစ်ဘေးရှောင်များကို ဘုရားကျောင်းများမှ မောင်းထုတ်ရန် မြန်မာ့ တပ်မတော်က ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များကို ဖိအားပေးနေသည် ဟု ဒုက္ခသည် စခန်းကော်မတီတခု၏ အဆိုအရ သိရသည်။

အင်္ဂါနေ့က ကျင်းပသော အစည်းအဝေး တခုတွင် ဗိုလ်မှူးကြီး တဦးက စစ်ဘေးရှောင် ကော်မတီ အနေဖြင့် စစ်ဘေးရှောင် များကို လက်မခံရန် ပြောသည်ဟု တနိုင်းမှ စစ်ဘေးရှောင်များ အတွက် KBC ၏ ပြောခွင့်ရသူ ဆရာတော် ဒဘန်ဂျေဒီ က ပြောသည်။

ထွက်ပြေးလာသူ အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များ ဖြစ်သည်

“အစည်းဝေးတိုင်းမှာ သူ အမြဲတမ်း ဒီလိုပဲ ပြောတယ်။ မနေ့က ဆိုရင် စစ်ဘေးရှောင်တွေကို မြို့ပြင်ကို ပြောင်းပြီး ကွမ်ရ ကျေးရွာကို ပို့ဖို့တောင် ပြောတယ်” ဟု အထက်ပါ ဆရာတော်က ပြောသည်။

တနိုင်းမှ ၁၀ မိုင်ခန့်ဝေးသော ကွမ်ရ ကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KBC ၏ အဆိုအရ သိရသည်။

“သူတို့ကို အဲဒီကို ပို့ရင် မလုံခြုံဘူး လို့ ကျနော်တို့က သူ့ကို ပြောရတယ်” ဟု ဆရာတော် ဒဘန်ဂျေဒီ က ပြောပြီး စစ်တပ်နှင့် ဒေသအာဏာပိုင်များသည် မြို့တွင်းသို့ ဝင်လာသော စစ်ဘေးရှောင်များကိုလည်း အကြီးအကျယ် စစ်ဆေးနေသည် ဟု သူက ဆက်ပြောသည်။

စစ်ဘေးရှောင်များကို မြို့ပြင်သို့ မထုတ်ပါက စစ်ဘေးရှောင်များ နှင့် ပတ်သက်သော အနာဂတ် ပြဿနာ တပ်မတော်က တာဝန် မယူကြောင်း ထို ဗိုလ်မှူးကြီးက ပြောသည် ဟုလည်း KBC အဖွဲ့ဝင် နော်ဆန်း က ပြောသည်။

“သူတို့က စစ်ဘေးရှောင်တွေကို မြို့ပြင် မောင်းထုတ်ဖို့ ကျနော်တို့ရဲ့ ဘာသာရေး ခေါင်းဆောင်တွေကို ဖိအား အရမ်းပေးနေတယ်” ဟု နော်ဆန်းက ပြောသည်။

ကက်သလစ် ဘုရားကျောင်းမှ စစ်ဘေးရှောင် စခန်းခေါင်းဆောင် တဦး ဖြစ်သူ တူးဂျာ ကလည်း “ဖြစ်နိုင်ရင် စစ်တပ်က စစ်ဘေးရှောင် စခန်းတွေကို တနိုင်းမှာ မထားချင်ဘူး။ စစ်ဘေးရှောင်တွေ အတွက် တာဝန်မယူချင်လို့ ဖြစ်နိုင်သလို အနာဂတ်မှာ နိုင်ငံထဲမှာ စစ်ဘေးရှောင်စခန်း လုံးဝမထားချင်လို့လည်း ဖြစ်နိုင်တယ်” ဟုလည်း ပြောသည်။

“သူတို့ စိတ်ချမ်းသာအောင်လို့ ဒီစစ်ဘေးရှောင်တွေက ယာယီ စစ်ဘေးရှောင်တွေပါ လို့ ပြောလိုက်ရတယ်။ ဒါပေမယ့် ၁ နှစ် ကြာလို့မှ သူတို့ မပြန်နိုင်ရင် ဒီမှာပဲ နေရမှာပေါ့” ဟု သူက ဆက်ပြောသည်။

KBC ဘုရားကျောင်းသည် လူ ၅၀၀ ခန့် အတွက် တနေ့လျှင် ဆန် ၄ အိတ် သုံးစွဲသည် ဟု ကော်မတီ၏ အဆိုအရ သိရပြီး တပ်မတော်က စစ်ဘေးရျောင်များ အတွက် မည်သည့် လှူဒါန်းမှုမျှ ပြုလုပ်ခြင်း မရှိသေးပေ။

တနိုင်းမြို့နယ် လွှတ်တော်အမတ် ဖြစ်သော အစိုးရ၏ ကိုယ်စားလှယ်တဦးသာ ဆန် ၄ အိတ် လှူဒါန်းပြီး ကူညီသေးသည် ဟုလည်း ထိုကော်မတီက ပြောသည်။ မြို့နယ် အာဏာပိုင်များက ဆန် ၁ အိတ် နှင့် ဆီ ၁ ပုံး လှူသည် ဟုလည်း ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆန် ၁၀ အိတ် လှူဒါန်းပြီး ဒေသခံကုမ္ပဏီ တခုဖြစ်သော Citizens Star ကဆန် ၁၀ အိတ်နှင့် ရေသန့်များ လှူသည် ဟု KBC ၏ အဆိုအရ သိရသည်။

“စစ်ဘေးရှောင်တွေကို ကျနော်တို့ တတ်နိုင်သမျှ ကူညီမယ်။ ဒါပေမယ့် သူတို့ကို ချက်ကျွေးဖို့ ဆန် ဘယ်လောက် ကြာကြာ ရနေမယ် ဆိုတာ ကျနော်တို့ မသိဘူး။ တခြားလူတွေလည်း လှူပေးဖို့ ပြောရမှာပဲ” ဟုဆရာတော် ဒဘန်ဂျေဒီ က ပြောသည်။

လူကြီးများက ခံနိုင်စွမ်းအား ရှိနေပေမယ့် ကလေးများသည် ခံနိုင်စွမ်း မရှိကြဘဲ ဆာလောင် ငတ်မွတ်မှု အခံစားရဆုံး ဖြစ်သည် ဟု ရိုမင်ကက်သလစ် ဘုရားကျောင်းမှ ဖာသာလဆိုင်း က ပြောသည်။

“မိုးတွင်းမှာ စစ်ဘေးရှောင်တွေ ခရီးသွားရတာ ခက်ခဲတယ်။ အထူးသဖြင့် ကလေးတွေ ပေါ့၊ သူတို့ တနေကုန် ခရီးသွား နေရတာ” ဟု သူက ပြောသည်။
အစိုးရနှင့် မြန်မာ့ တပ်မတော်သည် မှော်ဒေသမျာမှ နေအိမ်စွန့်ခွာ ထွက်ပြေးလာသူများ အတွက် စခန်းများ ပြင်ဆင်ပေးခြင်း လည်း မရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။ စစ်ဘေးရှောင် အများအပြား ရောက်လာခြင်း သည် KBC အတွက် တုန်လှုပ်စရာ စိန်ခေါ်မှု ဖြစ်နေသည်။

အချို့သော သူများမှာ လမ်းပိတ်ဆို့ပြီး တနိုင်းသို့ မသွားနိုင် ဖြစ်မည်ကို စိုးရိမ်ကာ နေအိမ်များကို စွန့်ခွာ ထွက်ပြေးလာကြ သူများ ဖြစ်သည်။ KIA ခေါင်းဆောင်များ ကလည်း ၎င်းတို့ အနေဖြင့် လုံခြုံရေး တာဝန်မယူနိုင်သောကြောင့် ကချင် ဒေသခံများကို ထိုဒေသမှ ထွက်ခွာသွားရန် ပြောကြသည် ဟု ဒေသ သတင်းရင်းမြစ်များက ပြောသည်။

မြန်မာ့ တပ်မတော်က တနိုင်းတွင် လုံခြုံရေး တင်းကျပ်ထားပြီး မြို့တွင်း သွားလာနေသော ယာဉ်များကို ရှာဖွေစစ်ဆေးနေသည်။ စစ်တပ်သည် KIA ကို နောက်ထပ် ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည် ဟု ဒေသသတင်းများက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading