သတင်း

အမျိုးသားကော်မတီဖွဲ့ပြီး မသန်စွမ်း နည်းဥပဒေကို အကောင်အထည်ဖော်မည်

Want create site? Find Free WordPress Themes and plugins.

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ၁ လအတွင်း တရားဝင် ဖွဲ့စည်းနိုင်တော့မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် မေလက ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေကို ယခုနှစ် ဇွန်လမှ စ၍ ၂လအတွင်း အတည်ပြု ပြဋ္ဌာန်းတော့မည်ဖြစ်၍ အဆိုပါ ကော်မတီသည် မသန်စွမ်းဥပဒေနှင့် နည်းဥပဒေပါ အချက် အလက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ ဒီလကုန်အတွင်း ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် နောက်လဆန်းလောက်တော့ ဖြစ်မှာပေါ့နော် ။ တလလောက်အတွင်းမှာတော့ အကောင်အထည် ပေါ်မှာပေါ့။ မကြာခင်မှာ ကော်မတီလည်း အတည် ပြုပြီးသွားမယ်။ နည်းဥပဒေလည်း ဖြစ်ပြီ။ မသန်စွမ်း အခွင့်အရေးတွေကို အများကြီး ဖော်ဆောင်ပေးနိုင်တာပေါ့” ဟု ဧရာဝတီကို ပြောသည်။

ထိုအမျိုးသား ကော်မတီတွင် နိုင်ငံတော် ဒုသမ္မတက ဥက္ကဋ္ဌအဖြစ်လည်းကောင်း ၊ လူကယ်ပြန် ဌာနမှ တာဝန်ရှိသူတဦးက ဒုဥက္ကဋ္ဌ ၁ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ဒုဥက္ကဋ္ဌ ၂ အဖြစ် လည်း ကောင်း တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ကော်မတီ ဖွဲ့စည်းလိုက်ခြင်းအားဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများကို နိုင်ငံတော်က ပိုမို လုပ် ဆောင်လာနိုင်မည့် အားသာချက်များရှိကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) မှ MILI Counsellor ဦးနေလင်းစိုးက ဧရာဝတီကို ပြောသည်။

ဦးနေလင်းစိုးက “အားသာချက်တွေကတော့ များတယ်ပေါ့။ ဒီကော်မတီ ရှိလာခြင်းအားဖြင့် ဒီမသန်စွမ်း ဥပဒေထဲမှာပါတဲ့ အခန်း ၁၇ ခန်းကို အဓိက အကောင်အထည်ဖော်ရတဲ့ တာဝန်တွေက ဒီကော်မတီတွေပေါ်မှာ မူတည်နေတယ်။ ဒီနိုင်ငံရဲ့ ဒုသမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ဆောင်ရွက်မယ့် အတွက်ကြောင့် ကျန်တဲ့ ဝန်ကြီးဌာနတွေကို ညွှန်ကြားချက်တွေ ပေးနိုင်တယ်။ အပြောင်းအလဲတွေ ပိုပြီးတော့ ဖြစ်နိုင်တယ်လေ။ ပြည်ထောင်စု အစိုးရဆီက ဘတ်ဂျက်တွေ ခွဲတဲ့အခါမှာလည်း ဥပဒေအရ ရလာဖို့ ရှိတယ်” ဟု ဆိုသည်။

ယင်းကော်မတီသည် နိုင်ငံတော်အဆင့်တခုတည်းတွင်ပင် ဖွဲ့စည်းထားပြီး အောက်ခြေတွင် ကော်မတီခွဲ အဆင့်ဆင့် မဖွဲ့နိုင်ပါက အခွင့်အရေး ချိုးဖောက်မှုများ၊ တိုင်တန်းမှုများ၊ ပဋိပက္ခဖြစ်ပွားခြင်းများနှင့် ပတ်သက်၍ မသန်စွမ်းသူ အများစု လိုအပ်နေသည့် အကူအညီများ တောင်းခံရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ ရှိလာနိုင်သည်ဟု ၎င်းက ပြောသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ် မေလ ၂၈ ရက်က ပြဋ္ဌာန်းခဲ့ပြီး လူ့အခွင့်အရေး၊ အခြေခံ လွပ်လပ်ခွင့်များ တန်းတူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သွားလာနေထိုင်ရေး၊ အလုပ်အကိုင်၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဖောက်ဖျက်မှုများအပေါ် တားမြစ်ချက်၊ ပြစ်ဒဏ် စသည်ဖြင့် အခန်း ၁၇ ခန်း ပါရှိသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading