ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် “ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို အမှုနှင့် မသက်ဆိုင်ဟုဆိုကာ ယနေ့ရုံးချိန်းတွင် အမှုပိတ်သိမ်းပေးပြီး The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ အာမခံလျောက်ထားမှု ထပ်မံပယ်ချလိုက်သည်။
ဦးကျော်မင်းဆွေက သရော်စာနှင့် ပတ်သက်၍ မိမိတွင်သာ တာဝန်ရှိသည်ဟု ထွက်ဆိုတင်ပြခဲ့သည့်အပေါ် ဆက်သွယ်ရေး ဝန်ကြီးဌာနကလည်း ဆောင်းပါးရှင်အား ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုရန် မသင့်ကြောင်း မှတ်ချက်ပေးသည့်အတွက် ဗြိတိသျှကိုကိုမောင်ကို အမှုပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ထိုအမှု၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “ဦးကျော်မင်းဆွေကို ဖြေရှင်းရန် တာဝန်ရှိတယ်ဆိုပြီး အမှုစွဲတင်လိုက် တယ်။ ဦးကျော်မင်းဆွေက တာဝန်ယူမှုရှိရှိနဲ့ သူ့မှာပဲ တာဝန်ရှိတယ်လို့ ထွက်ဆိုတင်ပြခဲ့တယ်။ ဗြိတိသျှကိုကိုမောင်ကို တရားစွဲရန် အကြောင်းမခိုင်လုံလို့ အမှုပိတ်သိမ်းခဲ့တာပါ” ဟု ပြောသည်။
ဦးကျော်မင်းဆွေ အာမခံလျှောက်ထားရာတွင် တင်ပြခဲ့သည့် ဆေးစာမှာလည်း ပြင်ပဆေးခန်းမှ ဖြစ်နေသည့်ဟုဆိုကာ တရားသူကြီးက အာမခံ ပယ်ချခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဦးကျော်မင်းဆွေက “ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါး ရေးသားသူက စာမူကို သတင်းစာတွင် ဖော်ပြရန်သာ ပေးအပ်ခဲ့ပြီး စာမူခကိုလည်း တကြိမ်သာယူခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိမိအနေဖြင့် ထိုစာမူကို နှစ်သက်၍ အွန်လိုင်းစာမျက်နှာတွင် ထပ်မံတင်ပြခဲ့ခြင်း ဖြစ်သည့်အတွက် မိမိ၌သာတာဝန်ရှိကြောင်း ထွက်ဆိုတင်ပြခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက်ထုတ် TheVoice သတင်းစာတွင် “ကျည်ထောင်စုသစ္စာ” သရော်စာဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့မှုဖြင့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရေးသားသူ ဗြိတိသျှကိုကိုမောင်တို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှူး ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး ဆက်သွယ်ရေး ဝန်ကြီးဌာနက သရော်စာရေးသားသူသည် ဆက်သွယ်ရေး ဥပဒေနှင့် တရားစွဲဆိုရန် မသင့်ကြောင်းနှင့် သရော်စာကို ဖော်ပြခဲ့သည့် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေသာ အမှုနှင့်သက်ဆိုင်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့သည်ဟု သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်က ပြောသည်။
ဗြိတိသျှကိုကိုမောင်က “ သတင်းမီဒီယာ ဥပဒေရှိနေရဲ့သားနဲ့ ၆၆ (ဃ) နဲ့ တရားစွဲတာ ကာယကံရှင်တွေအတွက် အရမ်းနစ်နာရတယ်။ ဂုဏ်သိက္ခာအရလည်း ထိခိုက်စေတယ်။ အမှုအတွက် ဦးကျော်မင်းဆွေနဲ့အတူ ဆက်ရပ်တည်မယ်” ဟု ပြောသည်။
ယခုကဲ့သို့ အမှုဆုံးဖြတ်ချက်မချခင် ရဲတပ်ဖွဲ့က ဗြိတိသျှကိုကိုမောင်ကို ဖမ်းဆီးခဲ့ပြီး အမှုအတွက် အာမခံမပေးသဖြင့် အချုပ်တွင် နှစ်ပတ်ခန့်အချုပ်ခံခဲ့ရပြီး ယနေ့ရုံးချိန်းသည် ဒုတိယအကြိမ်မြောက်ရုံးချိန်း ဖြစ်သည်။ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ တတိယအကြိမ်မြောက် ရုံးချိန်းကို လာမည့်ဇွန်လ ၂၃ ရက်သို့ ထပ်မံချိန်းဆိုခဲ့ပြီး ဗဟန်းတရားရုံးတွင် ဆက်လက်စစ်ဆေးမည် ဖြစ်သည်။