ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် အပါအဝင် မြို့နယ် ၄ မြို့နယ်တွင် ဇွန်လ ၁၇ ရက်နေ့ နေ့ လည်ပိုင်း မှ ၁၈ ရက်နေ့ ညနေပိုင်းအထိ နာရီ ၃၀ ကြာ မီးပျက်တောက်မည် ဖြစ်ကြောင်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ သိရသည်။
လှိုင်သာယာမြို့နယ် တွင် ဓာတ်အားခွဲရုံ အသစ်နှင့် ဓာတ်အားလိုင်းများ ဆောက်လုပ်ပြီးစီး၍ ဓာတ်အား ပို့လွှတ်နိုင်ရေး အတွက် လျှပ်စစ်လိုင်းများ ဆက်သွယ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်သောကြောင့် မီးပျက်ရခြင်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ တာဝန်ရှိသူ တဦးကပြောသည်။
အဆိုပါ တာဝန်ရှိသူက “လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနအနေနဲ့ နောက်ထပ် 230 ကေဗွီ ဓာတ်အားခွဲရုံကို လှိုင်သာယာမှာ ထပ်ပြီးတော့ တည်ဆောက်ရတာ ဖြစ်ပါတယ်။ 230 ကေဗွီလိုင်း ဆိုတော့ တာဝါတိုင် အကြီးကြီးတွေ ထူရတယ်။ ခွဲရုံးကို ဓာတ်လွှတ်ဖို့ လိုင်းတွေတိုင်ထူဖို့ အတွက်ကို ခွဲရုံးတည်ဆောက်ရေး လုပ်ငန်းခွင်နဲ့ မလွတ်တဲ့ ဓာတ်အားလိုင်းတွေကို ပိတ်ရခြင်း ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
မီးပြတ်တောက်မည့် မြို့နယ်များတွင် လှိုင်သာယာ၊ ကမာရွတ်၊ လှိုင်နှင့် စမ်းချောင်းတို့ ပါဝင်ပြီး ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီ မှ ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီ အထိ မီးဖြတ်ထားမည်ဖြစ်သည်။
လျှပ်စစ် ဓာတ်အားပေး စက်ရုံအသစ်တည်ဆောက်မှု နှင့် ပတ်သက်၍ “အခုဒီဓာတ်အားပေးစက်ရုံကို ဆောက်တယ်ဆိုတာက အဓိကက လှိုင်သာယာ မြို့နယ်အတွက်ကို ရည်ရွယ်ပြီး ဆောက်ခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လှိုင်သာယာ ထဲမှာ စက်မှုဇုန်တွေကလည်း ဖွံ့ဖြိုးလာတယ်။ လူနေထူထပ်လာတဲ့ အခါကျတော့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုတွေက ပိုပြီးတော့ များလာတယ်” ဟု ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ တာဝန်ရှိသူက ပြောသည်။
ဓာတ်အားပေးခြင်းကို တိုးချဲ့နိုင်ရန်အတွက် ယာယီပြတ်တောက်မှုအပေါ် ဝေဖန်မှုမပေးလိုသော်လည်း အာမခံချက်မရှိဘဲ မကြာခဏ ပျက်တောက်နေခြင်းက လျှပ်စစ်အသုံးပြုရသည့် လုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိကြောင်း လှိုင်မြို့နယ်တွင် ဖိနပ်လုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်တဦးက သုံးသပ်သည်။
“ကြိုတင်အကြောင်းကြားပြီး ပျက်တာအပေါ်မှာတော့ ပြောစရာ မရှိပါဘူး။ ဒါပေမယ့်လည်း လေတိုက်လည်း ပျက်၊ မိုးရွာလည်းပျက်၊ နေပူလည်း ပျက်ဖြစ်နေတာကတော့ အဆင်မပြေဘူး”ဟု ၎င်းက ဆိုသည်။
လှိုင်သာယာမြို့နယ်ရှိ အမှတ် ၅၃၂ ခြေမြန်တပ်ရင်း၊ စက်မှုဇုံ ၁ နှင့် ၆ ၊ စက်မှုဇုံ ၂၊ ၃၊ ၄ ၏ အချို့နေရာများ၊ ရှမ်းချောင်း၊ ဒိုင်စု၊ ညောင်ရွာ၊ အတွင်းပဒံ၊ အပြင်ပဒံ ကျေးရွာများ၊ ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်များဖြစ်သည့် ၁၇၊ ၁၈၊ ၁၉၊ ၂၀၊ လှိုင်မြို့နယ်ရှိ ရပ်ကွက်များ ဖြစ်သည့် ၁ မှ ၁၆ အထိ၊ စမ်းချောင်း မြို့နယ်ရှိ မြေနီကုန်း တောင်၊ မြောက်၊ မုန့်လက်ဆောင်းကုန်း တောင်နှင့် မြောက် ရပ်ကွက်၊ ဝေဠုဝန် (တောင်) ရပ်ကွက် ၊ ကျွန်းတော တောင်၊ လယ်၊ မြောက်ရပ်ကွက် အစရှိသည့် ရပ်ကွက်များသည် ဓာတ်အားလိုင်းပြတ်တောက်မည့် ရပ်ကွက်များတွင် ပါဝင်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မှ ကြေညာထားသည်။