ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ကချင် စစ်ဘေးရှောင် အမျိုးသား ၃ဦး အသတ်ခံရသည့် အမှုတွင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တိုင်ကြား ခံထားရသည့် တပ်မတော်သား တချို့ကို စစ်ဆေးခွင့်ပြုရန် ရဲစခန်းမှ တပ်မတော်ထံ ခွင့်တောင်း ထားသည်ဟု သတင်း ရရှိသည်။
အသတ်ခံရသည့် အသက် ၃၁ နှစ် အရွယ် အင်ခွန်ဂမ်အောင်၊ အသက် ၂၇နှစ် လဗျနော်ခွန် ၊ အသက် ၂၂ နှစ်ရှိ မရန်ဘရန်ဆိုင်းတို့ ဖြစ်သည်။
အဆိုပါ အသတ်ခံရသူ ၃ ဦးသည် မေလ ၂၅ ရက်တွင် မိုင်းခေါန် ကျေးရွာနှင့် ၃ မိုင်ခန့် ဝေးသည့် တောအတွင်း ထင်း သယ် ရန် သွားရာ တပ်မတော် ခြေမြန်တပ်ရင်း (ခမရ) ၃၁၉ စစ်ကြောင်းနှင့် တွေ့ပြီး ဖမ်းဆီးခံရကြောင်း၊ မေလ ၂၈ ရက် တွင် သေနတ် ဒဏ်ရာများနှင့် သေဆုံးနေသည့် ထို ၃ ဦး ရုပ်အလောင်းများကို ပြန်လည်တူးဖော် ရရှိခြင်း ဖြစ်ကြောင်း သိရ သည်။
မန်စီမြို့နယ် စခန်းမှူး ရဲမှူး မျိုးသန့်က “လောလောဆယ်တော့ သူတို့ (တပ်မတော်) ရုံးတွေကို စစ်ဆေးခွင့် ရဖို့ ကျနော် တို့ ခွင့်တောင်းထားပါတယ်။ သူတို့ဆီကနေ စစ်ဆေးခွင့်ပြုဖို့ ဒီက ခွင့်တောင်းထားတယ်လို့ ကျနော် သိပါတယ်။ ဌာန ချင်း ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ အဲ့ဒီလိုပဲ ပြောလို့ ရပါမယ်”ဟု ဧရာဝတီကို ပြောသည်။
ရဲမှူး မျိုးသန့်က ၎င်းအနေဖြင့် မန်စီမြို့နယ်သို့ ရာထူးပြောင်းရွှေ့ပြီး တာဝန်ယူသည်မှာ ရက်ပိုင်းသာ ရှိသေးသဖြင့် အမှု အခြေအနေကိုလည်း အသေးစိတ် မပြောနိုင်သေးကြောင်း၊ လက်ရှိတွင် စစ်ဆေးခွင့် အတွက် ခွင့်တောင်းထားပြီး စစ်ဆေးဆဲ ကာလသာ ဖြစ်သဖြင့် တရားခံများကိုလည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထိုလူသတ်မှုတွင် တပ်မတော်သားများ ပါဝင်မှု ရှိ မရှိကို စုံစမ်းစစ်ဆေး သွား မည် ဖြစ်ကြောင်း မေလ ၃၀ ရက်က သတင်း ထုတ်ပြန်ထားသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူများကို ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ရာ ဖြေဆိုခြင်း မရှိပါ။
မန်စီမြို့နယ် မိုင်းခေါန်ကျေးရွာ အခြေစိုက် ခမရ ၃၁၉ မှ တပ်မတော်သား တချို့ကို လူသတ်မှုဖြင့် ဇွန်လ ၅ ရက်မှစ၍ စစ်ဘေးရှောင် မိသားစုများနှင့် စစ်ဘေးရှောင် စခန်း တာဝန်ခံများက အမှုဖွင့်ထားခြင်း ဖြစ်သည်။
အမှုမဖွင့်ခင်က မန်စီမြို့နယ် ရင်ခွဲရုံတွင် အလောင်းများကို စစ်ဆေးရာ သေနတ်ဒဏ်ရာများ အပြင် အပြင်းအထန် နှိပ်စက် ရိုက်နှက်ထားသည့် ဒဏ်ရာများလည်း တွေ့ရှိထားသည်။
ဧရာဝတီမှ ရရှိထားသည့် ဆေးစစ်ချက်အရ မရန်ဘရန်ဆိုင်းတွင် ဓားဒဏ်ရာများ၊ ရိုက်နှက်ခံထားရသဖြင့် မျက်လုံများ ချိုင့်ဝင်၊ မျက်ခုံး စုတ်ပြဲဒဏ်ရာနှင့် ဦးခေါင်းကြေမွ နေပြီး ရင်ညွှန့်တည့်တည့်တွင် ၈ စင်တီမီတာခန့် သေနတ်ဒဏ်ရာ ၁ ချက်၊ ဝဲလက်ပြင်တွင် အချင်း ၄ စင်တီမီတာခန့် ကျည်ထွက် ဒဏ်ရာ တချက်တို့ ရရှိထားကြောင်း သိရသည်။
လဗျနော်ခွန်တွင် ဓားဒဏ်ရာများအပြင် ဦးခေါင်းတခုလုံးကြေမွပြီး ဝဲနားရွက်မှာ ၂လက်မခန့် ဖြတ်တောက် ခံထားရ ကြောင်း၊ အင်ခွန်ဂမ်အောင်မှာ ဒူးနှစ်ဘက်လုံးတွင် ဓားဒဏ်ရာ ၅ချက်စီ တွေ့သည့်အပြင် ယာညှပ်ရိုးအောက် ကျည်ဝင် ဒဏ်ရာ ၁ချက်၊ နောက်ကျော ဝဲလက်ပြင်တွင် ကျည်ထွက်ဒဏ်ရာ ၁ ချက်တို့ တွေ့ရကြောင်း ဆေးစစ်ချက်တွင် ရေးသား ထားသည်။
အခင်းဖြစ်ပွားစဉ် မန်စီမြို့နယ် စခန်းမှူး အဖြစ် တာဝန်ယူထားသည့် ရဲမှူး အောင်မြတ်ကျော်ဝင်းက အမှုအခင်းနှင့် ပတ်သက် ၍ ခမရ ၃၁၉ အတွင်း တပ်မတော်သားများကို စစ်ဆေးနေပြီး ၎င်းတို့ဘက်မှ တရားခံများကို လွှဲပြောင်းမှ သာ ဆက်လက် လုပ်ဆောင်ရမည်ဟု ဧရာဝတီကို ဇွန်လ ၅ ရက်က ပြောဆို ထားသည်။
လက်ရှိတွင် ရဲမှူး အောင်မြတ်ကျော်ဝင်း က ရာထူးပြောင်းရွှေ့သွားသဖြင့် အမှုအကြောင်းကို မသိရှိတော့ ပါဟု ဆို သည်။
မိုင်းခေါန် စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးနော်မိုင်က “အခုထိတော့ ဘာမှ ပြောလာတာ မရှိဘူး။ နဂို အတိုင်းပဲ။ တပ် ဘက်ကတော့ ကျနော်တို့ကို စစ်ဆေးချက်တွေ လာယူပြီး ကျနော်တို့ ဖြေထားတဲ့အပေါ် မှာ Sign ထိုးခိုင်းတာတော့ ရှိတယ်”ဟု ပြောသည်။
စစ်ဘေးရှောင် အမျိုးသား ၃ဦးကို သတ်သည့် သူများမှာ ဗိုလ်ကြီး တဦးနှင့် ၎င်း၏တပ်သား ၅ဦးတို့ ဖြစ်သည်ဟု သိရှိ ရကြောင်း စစ်ဘေးရှောင် စခန်း တာဝန်ခံများနှင့် အုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောဆိုကြသည်။
အသတ်ခံရသည့် စစ်ဘေးရှောင် ကချင်အမျိုးသား ၃ဦးမှာ သစ်မှောင်ခို လုပ်ကွက်များတွင် နေ့စားခဖြင့် သစ်သယ် ပေး သည့် အလုပ်ကို သွားရောက် လုပ်ကိုင်ရာ တပ်မတော်မှ ဖမ်းဆီးလိုက်ပြီး အသတ်ခံရခြင်း ဖြစ်သည်ဟု ဒေသခံများ ကလည်း ပြောသည်။
အသတ်ခံရသည့် ကချင်အမျိုးသား ၃ဦးတို့ကို မိသားစုဝင်များက နေ့စားအလုပ်အဖြစ် ထင်းနှင့် သစ်များသယ်သည့် အလုပ်လုပ်သည်ဟုသာ သိထားကြောင်း သိရသည်။
အသတ်ခံရသူ ၃ ဦးအနက် တဦးမှာ ကလေးနှစ်ဦး၏ ဖခင်ဖြစ်ပြီး လက်ရှိတွင် ဇနီး၌ ကိုယ်ဝန် ကျန်ရှိ ခဲ့သည်။ ကျန် ၂ဦးမှာလည်း ကလေးတဦးစီ၏ ဖခင်များ ဖြစ်သည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲများ ကြောင့် အိုးအိမ်နှင့် လယ်ယာများကို စွန့်ခွာပြီး စစ်ဘေးရှောင်နေရသူ တသိန်းခွဲ ခန့် ရှိပြီး ကမ္ဘာ့ ကုလသမဂ္ဂ (UN) မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးရာ ၂၀၁၅ ခုနှစ်၊ နှစ်ကုန်တွင် ၆၀ ရာခိုင်နှုန်းခန့် လျှော့ချ လိုက်သည်။
စစ်ဘေးရှောင်များမှာ ယနေ့ထိ နေအိမ်များနှင့် ၎င်းတို့ လယ်ယာများထံ မပြန်နိုင်သေးသဖြင့် စားဝတ်နေရေး ပြေလည်စေရန် နေ့စားလုပ်ခ ရသည့် ကျပန်းအလုပ်များ လုပ်ကိုင်ကြသလို တရုတ် နိုင်ငံဘက်သို့ တရားမဝင် ကူးဖြတ်ပြီး စိုက်ပျိုးရေး အလုပ် လုပ်ကိုင်ကြသူများလည်း ရှိကြောင်း သိရသည်။