ချင်းနိုင်ငံရေးပါတီများဖြစ်သော ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP)တို့သည် တပါတီတည်းအဖြစ် ပေါင်းစည်းရန် ဆုံးဖြတ်လိုက်ကြောင်း ဇွန် ၁၅ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။
ဗဟိုအလုပ်အမှုဆောင် ကော်မတီအဆင့် (CEC) အစည်းအဝေးကို ၂၀၁၇ ဇွန် ၁၅ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီးနောက် ပေါင်းစည်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တပါတီလျှင် ၃ ဦး ပါဝင်သော လုပ်ငန်း ကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း CNDP အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ဧရာဝတီကို ပြောသည်။
ဆလိုင်းကျဲအိုဘိခ်ထောင်က “ဒီအချိန်မှာ ချင်းပါတီများတာ လူထုက မကြိုက်ဘူးဆိုတော့ လူထုရဲ့လိုအင်ဆန္ဒနဲ့ ဖြစ်စေချင် တဲ့ဟာကို အတတ်နိုင်ဆုံးဆောင်ရွက်ဖို့ တာဝန်ရှိတာက နံပါတ်တစ်ပေါ့။ ပေါင်းမှသာ လူထုတွေရဲ့ဆန္ဒကို ကိုယ်စားပြုနိုင် မယ်။ လူထုတွေက အားကိုးလာမယ်။ နံပါတ် ၂ ကတော့ ၂၀၂၀ ခုနှစ် ကျရင်တော့ ကျနော်တို့ပြည်နယ်မှာ အားလုံး အနိုင်ရစေရ မယ်ပေါ့” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ပါတီသစ် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်အတွက် လိုအပ်သည်များကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ် ပြီး ဇူလိုင်လမကုန်ခင် အပြီးသတ်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း၊ တဖက်တွင်လည်း နှစ်ဖက်ပါတီ၏ မြို့နယ်အဆင့် အသီးသီးရှိ ပါတီဝင်များ ပေါင်းစည်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
ချင်းအမည်ခံပါတီများဖြစ်သည့် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ CNDP နှင့် CPP တို့ပေါင်းစည်းရေးကို တခြားသော ဒေသ ဆိုင်ရာချင်းပါတီများက တောင်းဆိုထားသကဲ့သို့ ချင်းပြည်သူလူထုက ပေါင်းစည်းစေချင်သော်လည်း အချို့ မတူညီသော ပေါင်းစည်းရေး နည်းလမ်းများကြောင့် လက်ရှိအချိန်တွင် နှစ်ပါတီသာ ပေါင်းစည်းနိုင်သေးကြောင်း သိရသည်။
CLD ကမူ ချင်းပါတီ ၃ ခု ပေါင်းစည်းရေးနှင့် ပတ်သက်၍ ဇွန် ၅ ရက်တွင် သဘောထားထုတ်ပြန်ထားပြီးဖြစ်ကာ ယခုအခါ တွင်လည်း ပြောင်းလဲခြင်းမရှိဘဲ ယင်းထုတ်ပြန်ချက်အတိုင်းသာ ဆက်လက်သွားမည်ဟု CLD ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ဧရာ ဝတီကို ပြောသည်။
“သူတို့ပေါင်းစည်းရေး သတင်းကို ကြိုဆိုပါတယ်။ ကျနော်တို့ကတော့ ကြေညာချက်ထုတ်တဲ့အတိုင်းပဲ တောက်လျှောက် သွားလိုက်မယ်” ဟု ၎င်းက ပြောဆိုသည်။
CLD ၏ ထုတ်ပြန်ချက်တွင် အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ရေး၊ မူဝါဒ ညှိနှိုင်းဆောင်ရွက်နိုင်ရေးနှင့် ရေရှည်တည်တံ့သော တပါတီအဖြစ် ပေါင်းစည်းနိုင်ရေးအတွက် ပထမအဆင့်နေဖြင့် CNDP, CPP, CLD အပါအဝင် အခြားသော ချင်းလူမျိုးစုပါတီများ အားလုံးပါဝင်သည့် ချင်းပါတီများမဟာမိတ်အဖွဲ့ အဖြစ်ပေါင်းစည်းပြီးမှ ၂၀၁၈ ခုနှဟ် မတ်လတွင် ပါတီအားလုံးမှ ကိုယ်စားလှယ် ညီတူညီမျှ ပါဝင်သော ညီလာခံကျင်းပကာ တပါတီအဖြစ် ပေါင်းစည်းရေးကို ဆုံးဖြတ်အတည်ပြုရန်ဟု ဖော်ပြထားသည်။
ဦးငိုင်ဆာ့ခ်က “စည်းစနစ်ကျကျနဲ့ အရင်ဆုံး အပြန်အလှန် ယုံကြည်မှုတည်ဆောက်ဖို့ မဟာမိတ်ဖွဲ့မယ်။ မဟာမိတ်ပြီးရင် ပေါင်းစည်းရေး အဲဒါကို ကျနော်တို့က နှစ်ဆင့်ထားတာပေါ့။ ပြန်ပြန်ကွဲတဲ့ပါတီတွေ မြင်လို့လေ။ ပေါင်းစည်းပြီးမှ ထပ်မကွဲ ချင်ဘူး။ တခါတည်း တသက်တာပဲပေါင်းချင်တယ်” ဟု ဆိုသည်။
CNDP နှင့် CPP တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ချင်းပြည်နယ်အတွင်းရှိ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ ကန်ပက် လက်၊ မတူပီ၊ ပလက်ဝ၊ ကလေး၊ တမူး စသည့် မြို့နယ်များမှ CLD၊ CNDP နှင့် CPP ကော်မတီဝင်များ၏ ပေါင်းစည်းရေး သဘောတူညီကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ချက်များနှင့်အညီ ပေါင်းစည်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။
“တချို့ဟာတွေ အဆင်သင့်မဖြစ်သေးလို့ သူတို့ မပေါင်းနိုင်သေးဘူဆိုရင်တောင် အဆင်သင့်ဖြစ်တဲ့ အခင်းအကျင်းမျိုး ထွက်လာတဲ့အချိန်မှာ ပေါင်းလာမှာပါ။ ကျနော်တို့ မျှော်လင့်ပါတယ်။ ၂၀၂၀ မတိုင်ခင် အားလုံးပေါင်းလာမှာပါ။ အားလုံး တကယ်ပေါင်းချင်တဲ့ ဆန္ဒတွေရှိတာပဲ။ သူတို့ အဆင့်သင့်မဖြစ်တာကိုလည်း နားလည်ပေးပါတယ်။ သူတို့ ရဲ့ဆုံးဖြတ်ချက်ကို လေးစားရမှာပါ။ သေချာတာက အနှေးနဲ့အမြန် ပေါင်းလာမှာပဲလို့ မျှော်လင့်ပါတယ်” ဟု ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။
ပေါင်းစည်းရေးဖြစ်စဉ်တွင် အခြားချင်းနိုင်ငံရေးပါတီများ၊ ချင်းလူမျိုးကို အခြေခံ မထားသော တခြားနိုင်ငံရေးပါတီများနှင့် တသီး ပုဂ္ဂလပုဂ္ဂိုလ်များကို တန်းတူပါဝင်နိုင်စေရေးအတွက် တံခါးဖွင့် ကြိုဆိုထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။