ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ၂ လ အတွင်း မသင်္ကာသူ ၄၀ ကျော် ဖမ်းမိ အရေးယူထားကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မောင်တောဒေသသို့ တရားမဝင် ရောက်လာသူများ၊ ၂၀၁၆ ခုတွင် ဖြစ် ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်စပ်သူများ၊ အကြမ်းဖက်သင်တန်း တက်ရောက်ထားသည့် မော်လဝီ ဆရာ စသည်တို့ပါ ဝင် ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိထားသူများသည် မေလ ၁ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ ဖမ်းမိထားသူများ ဖြစ်ပြီး ၎င်းတို့နှင့်အတူ လက်နက် ပစ္စည်းတချို့ကိုပါ ဖမ်းမိထားကြောင်း၊ ၎င်းတို့အား တရားဥ ပဒေအရ အရေးယူ ဆောင်ရွက်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် မော်လဝီ ဆရာများ ဖြစ်သော မာမတ်တာဆောင်း ၃၉ နှစ်နှင့် အသက် ၅၀ ရှိ မာမတ် အစ္စ လာမ် ကိုလည်း ဘူးသီးတောင်မြို့နယ်၌ မေလ အတွင်းက ဖမ်းဆီးခဲ့ပြီး ဥပဒေကြောင်း အရ အရေးယူထား ကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ချက်တွင် ပါရှိသည်။
မောင်တော ခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦး ကလည်း မင်္သကာသူများနှင့် အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူများ၊ အကြမ်းဖက်မှု သင်တန်း တက်ရောက်ခဲ့သူများအား ရှာဖွေဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံ ရဲတပ်ဖွဲ့ အပြင်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ အာဏာပိုင်များ အားလုံး ပါဝင်ပူးပေါင်း၍ အလေးထား ဆောင်ရွက်နေခြင်းကြောင့် ဆက်တိုက် ဖမ်းမိခြင်း ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ထိုသို့ဆောင်ရွက်နေခြင်းသည် နယ်မြေလုံခြုံရေးအတွက် ပုံမှန်ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ ဆောင်ရွက်နေကြောင်း၊ မောင်တောဒေသ၏ လက်ရှိ အခြေအ နေ တည်ငြိမ်မှု ရှိကြောင်းလည်း အထက်ပါ ရဲအရာရှိ က ဆိုသည်။
ထို့အတူ မောင်တောမြို့နယ် ပေါင်းဇားချောင်း၀ အနီးသို့ တရားမဝင် ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးကို လည်း ဇွန်လ ၁၃ ရက်နေ့ ည ၈ နာရီအချိန်က ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့အား လူဝင်မှု ကြီးကြပ်ရေး(လဝက) ဥပဒေဖြင့် အရေးယူ ထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင်လည်း ဖော်ပြထားသည်။
ထို တရားမဝင် ရောက်ရှိလာသူ နှစ်ဦးသည် လက်လုပ်စက်လှေဖြင့် ဝင်ရောက်လာခြင်း ဖြစ်ပြီး ပင်လယ်ပြင်၌ ငါးဖမ်းဆီး ရာမှ မောင်တောသို့ ကျူးကျော် ဝင်ရောက်လာခြင်းကြောင့် လ.ဝ.က ဥပဒေဖြင့် အရေယူထားသည်ဟု သိရသည်။
မောင်တောမြို့နယ် တောင်ပြို-ကြိမ်ချောင်း ကားလမ်းအနီး၌ ဒေသဆိုင်ရာ လုံခြုံရေး ဆောင်ရွက်နေစဉ် မသင်္ကာသူ ၃ ဦး ကို ဇွန်လ ၁၃ ရက်နေ့ ညတွင် ဖမ်းဆီးရမိ၍ ၎င်းတို့ ၃ ဦးကိုလည်း လဝက ဥပဒေဖြင့် အရေးယူဆောင်ရွက် နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
မောင်တောမြို့နယ် ရေနောက်ငါးသား ကျေးရွာ တောင်ကျော်လမ်း၌ မသင်္ကာသူ ၁၈ ဦးအား နွား ၂၄ ကောင်နှင့်အတူ မေလ ၂၅ ရက်နေ့က ဖမ်းမိခဲ့ကြောင်း၊ အလားတူ တူမီးသေနတ်၊ လက်လုပ်သေနတ်နှင့် လမ်းလျှောက် စကားပြော စက် အလုံး ၄၀ ကိုလည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ဖမ်းဆီးမိကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
မောင်တောဒေသ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်သူ များ ကို လည်း ဆက်တိုက် ဖမ်းဆီး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၆ အောက်တိုဘာလမှ ၂၀၁၇ မေလ ၈ ရက်နေ့ အထိ အရပ် သား ၃၀ အသတ်ခံခဲ့ရပြီး ၂၂ ဦး ပျောက်ဆုံး နေကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန် ထားသည်။