NLD အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုတွင် လွှတ်တော်၏ ဆောင်ရွက်မှုများသည် လိုအပ်ချက်များ ရှိနေပြီး အားရမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောဆိုကြသည်။
ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းလာသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ တနှစ်တာလုပ်ငန်း အစီရင်ခံစာနှင့် ပတ်သက်ပြီး ၎င်းတို့က ဝေဖန်ပြောဆိုခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထောက်အကူ ပြုစေရန် အစိုးရကဖွဲ့စည်းပေးထားသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနသည် အလုပ်မဖြစ်ကြောင်းနှင့် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း လွှတ်တော်က အထောက်အကူပေးနိုင်မှု အားနည်းနေကြောင်း ထောက်ပြဝေဖန်ကြသည်။
ထို့အပြင် တိုင်းရင်းသားများ၏ စာပေယဉ်ကျေးမှု တိုးတက်အောင် ဆောင်ရွက်ပေးနိုင်မှု မရှိခြင်း၊ အစိုးရ၏ ဘတ်ဂျက်ခွဲဝေရာတွင်လည်း ဖွံ့ဖြိုးမှုနည်းသည့် တိုင်းရင်းသားဒေသများ ပိုမိုမရရှိကြောင်းကို ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။
လဟယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နောင်က “ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လူမှုစီးပွားရေးနဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရန် ကူညီဆောင်ရွက်ရမယ်လို့ ကော်မတီရဲ့တာဝန်မှာ ဖော်ပြထားတာတွေ့တယ်။ သို့သော် သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးတာ ၁ ကြိမ်သာပြုလုပ်ထားတာတွေ့တယ်။ ဖွံဖြိုးတိုးတက်မှု နည်းပါးတဲ့ လူမှုဘဝကိစ္စတွေ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင် ၁ ကြိမ်ထက်မက ဆွေးနွေးအဖြေရှာသင့်တယ်” ဟု ဆိုသည်။
ထို့အပြင် နာဂလက်နက်ကိုင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ပါဝင်လာရန် ယခင်အစိုးရလက်ထက်က လွှတ်တော်တွင်းရှိ နာဂလွှတ်တော် ကိုယ်စားလှယ်တွေများကို သီးသန့်တာဝန်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တိုင်းဒေသကြီးအဆင့် အပစ်ရပ် လက်မှတ်ထိုးခြင်း၊ ၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ထိုးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခဲ့သော်လည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် သီးသန့်တာဝန်ပေးမှု မရှိတော့ကြောင်း ဦးသက်နောင်က ဆက်ပြောသည်။
အလားတူ ချင်းပြည်နယ်၊ မတူပီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းက “ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသားများ လိုအပ်နေတာက ရေရှည်ရှင်သန် ရပ်တည်ခွင့်ဖြစ်တယ်။ လူသားတိုင်းဟာ မိခင်ဘာသာစကား ယဉ်ကျေးမှုကို မြတ်နိုးကြတယ်။ အခုဆို တိုင်းရင်းသား စာပေယဉ်ကျေးမှုတွေ ရေရှည်ရှင်သန် ရပ်တည်ခွင့်ရဖို့ ခြိမ်းခြောက်ခံနေရပြီ” ဟု ပြောသည်။
ကော်မတီ ၁ နှစ်သက်တမ်းအတွင်း အစည်းအဝေး ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး၊ ဆုံးဖြတ်ချက် ၄၄ ခု၊ လမ်းညွှန်ချက် ၆ ချက် တောင်းခံ၍ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းရေးရာ ဖော်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု တင်ပြသည်ကို တွေ့ရှိရကြောင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထူးက ပြောသည်။
“ကော်မတီဥက္ကဌရဲ့ လှုပ်ရှားမှုကို ပကတိအခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် မျှတလုံလောက်မှု ရှိတယ်လို့ မထင်ဘူး။ ကော်မတီကလည်း ဝန်ကြီးဌာနနဲ့ မကြာခဏ တွေ့ဆုံပြီး အကြံပြုတာမျိုး၊ တိုက်တွန်းတာမျိုးတွေ လုပ်သင့်တယ်။ တိုင်းရင်းသားတွေ ကျေနပ်ရင်ပြီးရောဆိုတဲ့ ဝန်ကြီးဌာနတခုပေးထားရုံတော့ မဖြစ်သင့်ဘူး”ဟု ဦးဝင်းထူးက ဆိုသည်။
ရှမ်းပြည်နယ်တွင် NCA လက်မှတ်မထိုးစဉ်က ပြဿနာမရှိခဲ့ကြသည့် ဒေသခံတိုင်းရင်းသားများသည် လက်မှတ် NCA ထိုးပြီးနောက်ပိုင်း ဒေသခံတိုင်းရင်းသား အချင်းချင်းကြား ကန့်သတ်ဟန့်တားမှုများ ပိုမိုပြုလုပ်လာခြင်း၊ အချင်းချင်း လက်နက်ကိုင် ပဋိပက္ခပိုဖြစ်ပွားလာခြင်း၊ အတူနေ တိုင်းရင်းသားညီနောင်များအကြား လူမျိုးရေး အမြင်မကြည်မှုများ ရှိလာသည်ဟု ၎င်းက ဆက်ပြောသည်။
“NCA ၈ ဖွဲ့ကို လွှတ်တော်ဆိုက်ကနေ အပြန်အလှန်ထိန်းညှိသင့်တယ်လို့ ထင်တယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေ အမှန်တကယ် လိုက်နာခြင်းရှိမရှိကို လွှတ်တော်ကော်မတီက စောင့်ကြည့်သင့်တယ်။ NCA လက်မှတ်ထိုးထားသော်လည်း အဲဒီအတိုင်းမလိုက်နာဘဲ ချိုးဖောက်နေရင် ငြိမ်းချမ်းရေး ဘယ်လိုမှမရနိုင်ဘူး”ဟု ၎င်းက ထောက်ပြဆွေးနွေးသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဦးခွန်မောင်သောင်းသည် UPDJC၊ NRPC တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး၊ ပအိုဝ့်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ထွက်ရှိပြီးဖြစ်သော်လည်း နည်းဥပဒေ မထွက်ရှိသေးသည့်အတွက် လက်တွေ့ဆောင်ရွက်ရာတွင် အားနည်းလျက်ရှိကြောင်းနှင့် ၂၁ ရာစုပင်လုံ ညီလာခံ စဉ်ဆက်မပြတ် အစည်းအဝေးများ ပြုလုပ်နိုင်ရန် ကော်မတီအနေဖြင့် ငြိမ်းချမ်းရေးအထောက်အကူပြု ဆွေးနွေးပွဲများကို ပိုမိုဆောင်ရွက်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးကြသည်။