ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသား ၂ ဦး အတွက် ထိုင်းနိုင်ငံ၏ ဗဟိုတရားရုံးချုပ် (High Court) သို့ နောက်ဆုံး အယူခံတင်ရန်အတွက် အယူခံရက် တိုးပေးလိုက်ကြောင်း သတင်းရရှိသည်။
ထိုအမှုနှင့်ပတ်သက်၍ တရားမျှတမှု ရရှိရန်အတွက် ခိုင်လုံသော အထောက်အထားများ ပြင်ဆင်နိုင်ရန်အတွက် အယူခံ ရက်တိုးပေးရန် တောင်းဆိုခဲ့မှုအား ထိုင်းတရားရုံးက ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း လိပ်ကျွန်းလူသတ်မှု စုံစမ်းရေးအဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးအောင်မျိုးသန့် က ဧရာဝတီသို့ ပြောသည်။
ရှေ့နေ ဦးအောင်မျိုးသန့် က “ဒီလ ၁၅ ရက်နေ့မနက်က တရားရုံးကိုတင်တယ်။ အဲဒီနေ့ ညနေမှာဘဲ ခွင့်ပြုမိန့်ချပေးလိုက်တာပါ။ နောက်လ ဇူလိုင်လ ၂၁ ရက်နေ့အထိ တိုးပေးလိုက်ပါတယ်” ဟု ပြောသည်။
ထိုအမှုနှင့် ပတ်သက်၍ သေဒဏ်ချခံထားရသော မြန်မာ ၂ ဦး ဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေကြသော မြန်မာနှင့် ထိုင်းရှေ့နေများကောင်စီ ကလည်း အမှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ဘက်က တင်ပြထားသည့် အချက်များထဲတွင် မျိုးဗီဇ (DNA) ကွဲလွဲချက်တွေ တွေ့ရှိထားသည်ဟု သိရသည်။
တွေ့ရှိထားသော အဆိုပါ DNA ကွဲလွဲချက်များကို ဇူလိုင်လ ၂၁ ရက်နေ့မတိုင်မီ ထိုင်းနိုင်ငံ၏ ဗဟိုတရားရုံးချုပ် (High Court) သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုဟာ ဥပဒေအရ တရားခံ ကလေး ၂ ယောက်က အပြစ်မရှိဘူး ဆိုတဲ့ အကြောင်းကို ရင်ဆိုင်ဖြေရှင်းရမယ့် နောက်ဆုံး ထိုင်းနိုင်ငံ တရားရုံးပါ။ အဲဒီတော့ ဒီလိုတရားရုံးမှာ တင်တဲ့အခါမှာ အချက်အလက် ပြည့်စုံပြီးတော့ လေးနက်စေချင်ပါတယ်” ဟု ဦးအောင်မျိုးသန့် က ပြောသည်။