သတင်း

မန္တလေးတွင် မတရားမှုများတိုင်ကြားနိုင်မည့် ဥပဒေစိုးမိုးရေးအဖွဲ့ ဖွဲ့စည်း

Want create site? Find Free WordPress Themes and plugins.

မတရားမှုများ တိုင်ကြားရန်နှင့် တရားစီရင်ရေးစနစ်ပိုမို ကောင်းလာစေရန်အတွက် မန္တလေး တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲကို ဖွဲ့စည်းလိုက်ကြောင်း အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးတင်အောင်က ပြောသည်။

ရှေ့နေ ဦးတင်အောင်က “တရားမျှတမှုမရှိဘူးလို့ ထင်တဲ့ကိစ္စရပ်တိုင်းကို တိုင်ကြားလို့ရပါတယ်။ အဲလိုပြော တဲ့အတွက် တရားစီရင်ရေးကို ကျနော်တို့က သွားလွှမ်းမိုးမှာ မဟုတ်ပါဘူး။ တိုင်သူနဲ့ အတိုင်ခံ ရသူကြား ဘယ်လိုဖြစ်တာလဲဆိုတာ အဖြေရှာပြီး အဆင်ပြေအောင် ပေါင်းစပ်ညှိနှိုင်းပေးတာမျိုး လုပ်သွားမှာပါ။ ဖြေရှင်းပြီး ဆုံးဖြတ်ပေးတာမျိုး မဟုတ်ပါဘူး။” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “အဓိကကတော့ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ တဦးနဲ့တဦး ယုံကြည်မှုဖြစ်ပေါ်လာဖို့ အတွက်ပါပဲ” ဟု ရှင်းပြသည်။

မန္တလေး တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲ အနေဖြင့် ဥပမာအားဖြင့် အမှုတခု ကြန့်ကြာနေသည်ဟု တိုင်ကြားလာပါက ကြန့်ကြာရသည့်အကြောင်းရင်းကို သက်ဆိုင်သည့်ဌာနသို့ စုံစမ်းမေးမြန်း၍ အဖွဲ့မှ တိုင်ကြားတဲ့သူအား ဌာနကိုယ်စား ပြန်လည် ရှင်းပြ ပေးခြင်းမျိုး၊ တရားရုံးဆိုင်ရာကိစ္စရပ်များတွင် ရုံးလုပ်ထုံးလုပ်နည်းများ သိရှိရန်အတွက် ကူညီပေးခြင်းတို့ ဆောင်ရွက်သွားမည်ဟု ဇွန်လ ၁၆ ရက်က မန္တလေးခရိုင်ဥပဒေရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ပြည်သူတွေမှန်သမျှက ရဲစခန်းတို့၊ တရားရုံးတို့ ကြောက်ကြတယ်။ များသောအားဖြင့် လုံး၀ မဖြစ်မနေ မှသာ အဲဒီလမ်းကို ရွေးကြတယ်။ ဘာလို့လဲဆိုတော့ တရားရေးစီရင်ရေးကို အယုံအကြည် မဲ့နေတဲ့အတွက် ကြောင့်ပဲ” မန္တလေးမြို့ခံ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ပြောသည်။

အဖွဲ့၏ရည်ရွယ်ချက်မှာ မန္တလေးတိုင်းအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းများ အဆင်ပြေစေရန်နှင့် ထိရောက် အောင်မြင်ရန် အတွက် လိုအပ်သလို ပေါင်းစပ် ညှိနှိုင်းပေးရန် အဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအဖွဲ့ကို ဗဟိုအဆင့်ဖွဲ့စည်းထားပြီးဖြစ်ရာ ပြည်ထောင်စုရှေ့နေချုပ်က အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန် ယူထားပြီး တိုင်းနှင့် ပြည်နယ်များတွင် အဖွဲ့ခွဲများအဖြစ် ထားရှိမည်ဖြစ်ရာ မန္တလေးတိုင်းအတွက် မေလ ၁၇ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး အဖွဲ့ခွဲတွင် တိုင်းအဆင့်ရှိ တရားရေး၊ ဥပဒေ ပိုင်းဆိုင်ရာ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ တရားလွှတ်တော် ရှေ့နေ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် အရပ်ဖက်အဖွဲ့အစည်းတို့မှ ပုဂ္ဂိုလ်များပါဝင်ပြီး ၎င်းဌာနများနှင့် ဆက်စပ်သည့် ကိစ္စရပ်များအား တိုင်ကြားနိုင်သည်ဟု သိရသည်။

မန္တလေးမြို့မှ ဗကသအဖွဲ့ဝင်ဟောင်းကိုရဲရင့်ကျော်က “လူအများစုက ဘာလို့ရဲစခန်း၊ တရားရုံး မသွားချင်ကြတာလဲဆိုတဲ့ အဖြေကို ရှာဖို့လိုတယ်။ တရားဥပဒေ စိုးမိုးရေးမှာ ပြည်သူပူးပေါင်း လာဖု့ိ အရေးကြီးသလို ပြည်ထဲရေးလက်အောက်က ဌာနတွေကိုလည်း ပြန်ပြီး သုံးသပ်သင့်ပါတယ်။ ပြည်ထဲရေး အပေါ် ပြည်သူက ဘယ်လောက်ယုံကြည်လေးစားမှုရှိသလဲဆိုတာ တိုင်းတာဖို့က အခုဖွဲ့တဲ့ ခေါင်းစဉ်ထဲမှာပါတဲ့ တရားမျှတမှု ဆိုင်ရာလုပ်ငန်းဆိုတာပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အဖွ့ဲရုံးခန်းကို မန္တလေးခရိုင် ဥပဒေ ရုံးဘေးကပ်လျက်တွင် ဖွင့်လှစ်ထားပြီး တရားရေးဆိုင်ရာ ကိစ္စရပ်များအား တိုင်စာများ ပေးပို့လိုပါက စာဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လာရောက်ပေးပို့နိုင် ကြောင်း၊ အဖွဲ့ဖွဲ့စည်းပြီးနောက် တလအတွင်း တိုင်စာ ၂ စောင် လက်ခံထားရှိပြီး တိုင်စာမှာ ဥပဒေပိုင်းနှင့် တရားရေး ကိစ္စတို့ကို တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading