သတင်း

၁၀ တန်းစာမေးပွဲကျရှုံး၍ ကျောင်းသူတစ်ဦး ကြိုးဆွဲချသေဆုံး

မြန်အောင်မြို့နယ်၊ ထူးကြီးအထက်တန်းကျောင်းမှ ၁၀ တန်း ကျောင်းသူတစ်ဦးမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးသည့်အတွက် ယနေ့ နံနက်ပိုင်းက နေအိမ်ထုပ်တန်းတွင် ကြိုးဆွဲချ၍ မိမိကိုယ်ကို သတ်သေမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မျှင်ဝါးတောင်အုပ်စု၊ ညောင်ခုံကျေးရွာနေ အသက် ၁၇ နှစ်အရွယ် ၁၀ တန်းကျောင်းသူ မခင်ရတနာဦးမှာ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကြည့်ပြီးနောက် စာမေးပွဲကျရှုံးသည့်အတွက် နံနက်
၉ နာရီခန့်က နေအိမ်၌ ကြိုးဆွဲချသတ်သေခဲ့ခြင်းဖြစ်ကြောင်း မြန်အောင်မြို့နယ်၊ အင်ပင်ရဲစခန်းက ပြောသည်။

“၁၀ တန်းကျလို့ဆိုပြီးတော့ နေအိမ်ထုပ်တန်းမှာ ကြိုးဆွဲချသတ်သေသွားတာ ဖြစ်ပါတယ်။ သူ့အလောင်းကို ကျနော်တို့ လုပ်ထုံးလုပ်နည်းအရ ရင်ခွဲစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးစီးသွားလို့ မိသားစုတွေကို ပြန်အပ် လိုက် ပါပြီ။ လက်ရှိတော့ အဲဒီအိမ်မှာပဲ နာရေးကို ပြင်ဆင်ထားပါတယ်”ဟု အင်ပင်ရဲကင်း စခန်းမှူး ရဲအုပ် ဇော်ထွန်း က ဧရာဝတီကို ပြောသည်။

အလားတူ ၁၀ တန်းစာမေးပွဲကျရှုံးသည့်အတွက် မြန်အောင်မြို့၊ အထက – ၁ မှ ကျောင်းသူတစ်ဦးမှာလည်း မြစ်ထဲခုန်ချရန် ကြိုးစားရာ မြို့ခံများက ဝိုင်းဝန်းထိမ်းသိမ်းဖမ်းဆီးကာ မိဘလက်ဝယ် ပြန်အပ်သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီနေ့ မနက်ပိုင်းကလည်း ၁၀ တန်းကျလို့ဆိုပြီး မြန်အောင် အထက ၁ က ကျောင်းသူတယောက် မြစ်ထဲခုန်ချဖို့ လုပ်နေလို့ ဒေသခံတွေ ဝိုင်းဖမ်းပြီး မိဘလက်ထဲ ပြန်အပ်ခဲ့ရတယ်”ဟု မြန်အောင်မြို့ခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆ – ၁၇ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၈ သောင်းကျော်ရှိသည့်အနက် ၂ သောင်း ၂ ထောင်ကျော်သာ အောင်မြင်ခဲ့ပြီး ၅ သောင်း ၉ ထောင်ကျော် စာမေးပွဲကျရှုံးခဲ့ကာ အောင်ချက်ရာခိုင်နှုန်းမှာ ၂၇.၄၆ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

 

Loading