အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ထိတွေ့ဆက်ဆံရန် ဖွင့်လှစ်ထား သည့် တိုင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဆက်ဆံရေး ရုံးများမှာ စိန်ခေါ်မှု အခက်အခဲများ နှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ AMORA Hotel တွင် မနေ့ ဇွန်လ ၁၇ ရက်နေ့က စတင် ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ဆက်ဆံရေးရုံးများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပထမနေ့ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က “ဆက်ဆံရေးရုံးတွေ ဖွင့်တဲ့နေရာ အလုပ်လုပ်တဲ့နေရာမှာ ကျနော်သိရ သလောက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ အများကြီး ရင်ဆိုင်နေရပါတယ်။ အဲတော့ ဒီနေ့အစည်း အဝေးက စတင်ပြီးတော့ အခက်အခဲ သက်ဆိုင်ရာ ဆက်ဆံရေးရုံး တခုစီ၊ တခုစီရဲ့ တင်ပြချက်တွေ ကိုလည်း ကျနော်တို့ ကြားနာသွားမှာဖြစ်ပါတယ်” ဟုဆိုသည်။
ယနေ့အစည်းအဝေးသို့ အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေး ထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့် အတူ အပစ်ရပ်စာချုပ် လက်မှတ်မရေးထိုးရသေးသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့မှ ဆက်ဆံရေးရုံး တာဝန်ခံများလည်း တက်ရောက်ဆွေးနွေးကြသည်။
အဆိုပါ ဆက်ဆံရေးရုံးများသည် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ပြည်နယ်အဆင့်၊ ပြည်ထောင်စုုအဆင့် တွေ့ဆုံဆွေးနွေး၍ Bilateral Agreement လက်မှတ် ရေးထိုုးထားပြီးနောက် ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကလည်း အဖွင့်နှုတ်ဆက်စကားတွင် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ တပ်မတော်သည် ၎င်းတို့၏ မူ ၆ ချက်ကို ဆွဲကိုင်ထားရာ ဆွေးနွေးပွဲများတွင် NCA သဘောတူ ညီချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း ပြောဆိုသွားသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ် က “ရှမ်းပြည်အနေနဲ့ အခက်အခဲရင်ဆိုင်မှုကတော့ အဲဒီမှု ၆ ချက် ဆွဲကိုင်ပြီး တော့ ကျနော်တို့ကို ဖိအားပေးနေတာ တွေ့ရပါတယ်။ သူတို့ (တပ်မတော်) ရဲ့လှုပ်ရှားမှုက ကျနော်တို့ မြေထဲမှာ သွားချင်သလိုသွားတယ်။ ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးတွေအပေါ်မှာ ဆက်ဆံတာတို့၊ အလေးထားတာတို့ မရှိကြပါဘူး” ဟု ဆိုသည်။

ဆက်ဆံရေးရုံးများ ဖွင့်ထားခြင်းသည် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန်ဟု ရှုမြင် ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) သည် ပြဿနာများကို ပူးပေါင်းဖြေရှင်းကြရမည်ဖြစ်သော်လည်း တပ်မတော်က အဆိုပါ JMC နာမည်ကို အသုံးချပြီး ၎င်းတို့အပေါ် ဖိအားပေးဆောင်ရွက်မှုများရှိနေသည်ဟုဆိုသည်။
“ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC နဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုးဆက်သွားနေမယ်ဆိုရင်တော့ ပြဿနာတွေ ပိုမိုဖြစ်ပွား စေမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ကြမှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။
ချင်းမိုင်မြို့တွင်ပြုလုပ်နေသော ထိုအစည်းအဝေးကို ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်သည့် ဥရောပမြန်မာရုံး (Euro-Burma Office – EBO) ကြီးမှူးကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
KNU ဥက္ကဋ္ဌ မူတူးစေးဖိုးက ဆက်ဆံရေးရုံး အများစုကို အလှူငွေထောက်ပံ့ပေးနေသည်မှာ EBO ကဖြစ်ကြောင်း၊ ဆက်ဆံရေး ရုံးများသည် ဆက်ရှိနေရန် လိုအပ်ကြောင်း၊ EBO မှ ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ဆက်လက်၍ ထောက်ပံ့မှုများ ပြုလုပ်ပေး သွားရန် တိုက်တွန်း ပြောဆို သွားသည်။
“ဆက်ရှိနေမယ့် ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးတွေကို ပံ့ပိုးဖို့ လိုအပ်နေပါတယ်။ တချိန်တုန်းက EBO ကျနော်တို့ကို ပံ့ပိုးခဲ့တယ်။ ဆက်ပြီးတော့ EBO ကပဲ ကျနော်တို့ဆက်ဆံရေးရုံးတွေကို ပံ့ပိုးပေးဖို့ တောင်းဆိုပါတယ်” ဟု ဗိုလ်ချုပ်ကြီး မူတူး စေးဖိုး က ပြောသည်။
အစည်းအဝေး၌ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းတာဝန်များ၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ယုံကြည်မှုတည်ဆောက်ခြင်းအထောက်အကူပြု လုပ်ငန်းတာဝန်များ၊ အရပ်သားများအား ကာကွယ်သည့် လုပ်ငန်းများ၊ လူသားခြင်း စာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်အချို့ကို ဆွေးနွေးသွားမည် ဖြစ်သည်ဟု သိရသည်။