မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်း ကြက်ဥ၊ ဘဲဥများကို ပြည်ပဈေးကွက်သို့ ယခုနှစ်အတွင်း တင်ပို့နိုင်ရေး စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ယခုအခါ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က မွေးမြူရေးအသား ကဏ္ဍအနေဖြင့် ပြည်ပသို့ အေးခဲ အမဲသားကို အများဆုံး တင်ပို့နေရပြီး ဆက်လက်၍ နိုင်ငံထွက် ကြက်ဥ၊ဘဲဥများကိုပါ တင်ပို့နိုင်ရန် လုပ်ဆောင်နေကာ မန္တလေးမြို့မှ ထွက်ရှိသည့် ဘဲဥများကို တရုတ်နိုင်ငံသို့ ပထမဆုံး တင်ပို့နိုင်ဖွယ်ရှိကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက “ မြန်မာ့ဘဲဥ အရသာကို တရုတ် နိုင်ငံက ကြိုက်တယ်၊ ပြည်ပတင်ပို့ဖြစ်ရင် တရုတ်နိုင်ငံဈေးကွက်က ကြီးမားတော့ အရင်ဦးဆုံး တင်ပို့ဖြစ်မယ် ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ပြည်ပဈေးကွက် ခိုင်ခိုင်မာမာရရှိဖို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က စီစဉ်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် ပြည်တွင်းစားသုံးမှုအတွက် ဘဲဥ၊ ကြက်ဥများကို လုံလောက်စွာ ဖြည့်စွမ်းပေးနိုင်လျက်ရှိပြီး ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ခဲ့မည်ဆိုလျှင်လည်း ပြည်တွင်းစားသုံးမှုကဏ္ဍအတွက် ထိခိုက်နိုင်စရာမရှိဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေး လုပ်ငန်းရှင်များအသင်းမှ သိရသည်။
မတ္တရာမြို့နယ်၊ တောင်ပြုန်းကြီးကျေးရွာရှိ ဘဲမွေးမြူရေးခြံတခြံမှ ဦးခင်မောင်က “ကျနော်တို့ မတ္တရာမြို့နယ်ဘက်က ဘဲဥတွေက သဘာဝအတိုင်း ချောင်းဘေး၊ မြောင်းဘေးမှာ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူတာကြောင့် ဘဲဥအထွက်နှုန်း ကောင်းပါတယ်။ သဘာဝအတိုင်း မွေးမြူတာကြောင့် ဥအရသာက အလွန်ကောင်းပါတယ်၊ ဥ အထွက်နှုန်း ကောင်း တာကြောင့် အကျိုးဖြစ်ထွန်းပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ ဘဲမွေးမြူရေး ခြံတခြံမှ ဦးမျိုးကိုကိုကလည်း “ပုသိမ်ကြီးမြို့နယ်ထဲမှာ လွှတ်ကျောင်း ကွင်း ပေါတော့ မွေးရတာ အဆင်ပြေပါတယ်၊ အကောင်ရေ ၂ထောင်ကျော် မွေးထားပါတယ်၊ တရက်ကို ၁၄၀၀ နဲ့ ၁၅၀၀ ကြား ဥတင်တယ်၊ အကောင်၂ထောင်အတွက် အစာဖိုးက တရက်ကို ၈သောင်းခွဲ ၉သောင်းဝန်းကျင် ကုန်ကျတယ်၊ ဒီလ ထဲမှာ ဘဲဥရောင်းဈေးက ခြံဈေးတင် တလုံး ၁၂၀ လောက် ရောင်းရပါတယ်”ဟု ပြောသည်။
ဘဲမွေးမြူရာတွင် မန္တလေးတိုင်းဒေသကြီးအတွက် ဘဲအကောင်ပေါက်များကို မတ္တရာမြို့နယ်ဘက်က အများဆုံး ဝယ်ယူ ကြရပြီး အကောင်ပေါက်အား စတင်မွေးမြူသည်မှ ၆လ ကျော်လျှင် ဥ စတင်ဥကာ ဥသက်တမ်းမှာ ၃နှစ်ခန့် ကြာမြင့် ကြောင်း သိရသည်။
ယခုအခါ မွေးမြူရေး အစာဈေးနှုန်းများ မြင့်တက်မှုရှိနေသဖြင့် ဘဲဥ၊ ကြက်ဥဈေးနှုန်းများ မြင့်တက်လာကာ အလုပ်သမား ငှားရမ်းခများမှာလည်း ဈေးနှုန်းမြင့်မားသဖြင့် ကြက်ဥ၊ ဘဲဥဈေးနှုန်းများ ပြန်လည် ကျဆင်းနိုင်မည် မဟုတ်ကြောင်း သိရ သည်။
မန္တလေးမြို့၏ ကြက်ဥ၊ဘဲဥ ဈေးကွက်သို့ မတ္တရာ၊ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ အမရပူရ၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် ကျောက်ဆည်မြို့နယ်တို့မှ နေ့စဉ် ကြက်ဥ ၅ သိန်းခန့်နှင့် ဘဲဥ ၄ သိန်းခန့် ဝင်ရောက်လျက်ရှိပြီး ဇွန်လအတွင်း၌ ကြက်ဥ တလုံး၏ လက်ကားဈေးမှာ တလုံး ၁၁၀ကျပ်နှင့် ဘဲဥတလုံး လက်ကားဈေးမှာ ၁၂၀ကျပ်ဝန်းကျင်ရှိပြီး လက်လီ ရောင်းချမှု တွင် ဘဲဥ၊ ကြက်ဥအကြီးဆိုဒ် တလုံးလျှင် ၁၄၀ ကျပ်မှ ၁၅၀ ကျပ်ခန့် ပေါက်ဈေးရှိနေသည်။