သတင်း

MK Travel & Tours ကုမ္ပဏီ လုယက်မှုတွင် ပါဝင်သည့် ဝန်ထမ်းနှင့် အဖော်ဖြစ်သူကို ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်းအတွင်းရှိ MK Travels & Tour ကုမ္ပဏီလီမိတက် လေယာဉ်လက်မှတ် အရောင်းဌာနတွင် ငွေ သိန်း ၇၀ ကျော်ကို လုယူသွားသည့် တရားခံ ၂ ဦး အနက် ၁ ဦးမှာ ယင်းကုမ္ပဏီဝန်ထမ်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီးဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၈ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က ကျောက်တံတားမြို့နယ် အမှတ် ၁ ရပ်ကွက်၊ ၃၃ လမ်းအထက် အမှတ် ၁၉၇၊ မြေညီထပ်ရှိ MK Travels & Tour ကုမ္ပဏီလီမိတက်၏ ပြည်တွင်း၊ ပြည်ပ လေယာဉ် လက်မှတ် အရောင်း ဌာနတွင် ဖြစ်ပွားခဲ့သော လုယက်မှု ကျုးလွန်သူမှာ ကုမ္ပဏီဝန်ထမ်း မြတ်သီဟထွန်း နှင့် သူငယ်ချင်း ဇွဲမာန်ဦးဆိုသူ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပြီး ၎င်းတို့ ၂ ဦးကို ဖမ်းဆီးထားပြီးဖြစ်သည်။

ယင်းကုမ္ပဏီဝန်ထမ်း မြတ်သီဟထွန်း သည် ကုမ္ပဏီမှ အလုပ်ထွက်သွားပြီးနောက် လွန်ခဲ့သည့် ၃ လ ခန့်က အလုပ်ပြန်လည် ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နေ့က ရုံးမလာကြောင်း၊ CCTV မှတ်တမ်းများအရ ကျုးလွန်သူ၏ ပုံစံသည် မြတ်သီဟထွန်း၏ ပုံစံနှင့် တူနေရာ ရဲစခန်းသို့ ခေါ်ယူစစ်ဆေးရာတွင် သက်သေ အထောက်အထားများ ရရှိ ခဲ့ပြီး ငွေကြေးအခက်အခဲများရှိ၍ သူငယ်ချင်းဖြစ်သူ ဇွဲမာန်ဦး ဆိုသူနှင့် ပူးပေါင်း ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းတို့ နှစ်ဦးသည် ယမန်နေ့ နေ့လည် ၁ နာရီခန့်က ကုမ္ပဏီဝန်ထမ်း မမိုးပွင့်ဖြူ တဦးတည်းရှိနေစဉ် မမိုးပွင့်ဖြူကို အိမ်သာဘက်ဆွဲခေါ်၍ ပါးစပ်အတွင်း အဝတ်စများ ထည့်ကာ ပါးစပ်နှင့် မျက်နှာကို အနက်ရောင်တိပ်ဖြင့်ပတ်ကာ ခြေနှင့် လက်တို့ကို နိုင်လွန်ကြိုးဖြင့် ချည်တုတ်ထားခဲ့ကြောင်း၊ မမိုးပွင့်ဖြူ ဝတ်ဆင်ထားသည့် စိန်လက်စွပ်တကွင်း၊ ရွှေဟန်ချိန်းတို့ကို ယူဆောင်ကာ ကုမ္ပဏီရုံးခန်း အံဆွဲအတွင်းမှ ငွေ သိန်း ၇၀ ကို လုယက် သွားသဖြင့် ကျောက်တံတားမြို့မ ရဲစခန်းက ပုဒ်မ ၃၉၂၊ ပုဒ်မ ၃၄၁ အရ အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်း ကြည့်မြင်တိုင် မြို့နယ် ဦးလူနီလမ်းရှိ နေအိမ်တွင် ဓားပြတိုက် လုယက်မှု၊ ကျောက်တံတား မြို့နယ် ၃၈ လမ်းရှိ ဖက်ရှင်ဆိုင်အတွင်း ဓားထောက်လုယက်မှု၊ စမ်းချောင်းမြို့နယ်ရှိ MS Group ငွေလဲကောင်တာအတွင်း လုယက်မှု စသည့် လုယက်မှုများ ဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အတွင်းဖြစ်ပွားခဲ့သော ဖော်ထုတ်ရရှိခြင်း ရှိသေးသည့် အမှုများကိုလည်း ဖော်ထုတ်နိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading