သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူ ပြုနိုင်စေမည့် ဖရဲ၊ သခွားစိုက် လယ်မြေများ၌ ဓာတုဆေးဓာတ်ကြွင်းများ လေ့လာခြင်းနှင့် ဇီဝနည်းပညာဖြင့် မြေဆီလွှာ ညစ်ညမ်းပျက်စီးမှု လျှော့ချခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို နည်းပညာ တက္က သိုလ်(မန္တလေး)က ဦးဆောင်ပြုလုပ်နေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးရှိ ဖရဲ၊ သခွားစိုက် လယ်မြေများသည် မြေဆီလွှာ ပျက်စီးမှုများ ရှိနေကြောင်း၊ ဖရဲ၊ သခွားစိုက် လယ်မြေများတွင် တနှစ်စိုက်ပျိုးပြီးပါက နောက်နှစ်များတွင် သီးနှံစိုက်ပျိုး မအောင်မြင်မှုများ ရှိနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း သိပ္ပံနည်းကျ စစ်ဆေးချက်များ မဟုတ်ဘဲ အရပ်ပြောများ ဖြစ်နေ၍ ဓာတုဆေးဓာတ်ကြွင်းများ လေ့လာခြင်းနှင့် ဇီဝနည်းပညာဖြင့် မြေဆီလွှာ ညစ်ညမ်း ပျက်စီးမှု လျှော့ချခြင်းဆိုင်ရာများကို ပြုလုပ်နိုင်ရန် ရည်ရွယ်သည်ဟု သိရသည်။
နည်းပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက “သခွား၊ဖရဲစိုက် လယ်မြေရဲ့ လက်ရှိမြေဆီလွှာ အခြေအနေကို ဓာတ်ခွဲ စစ်ဆေး တိုင်းတာမယ်၊ အဲဒီစစ်ဆေး တိုင်းတာချက်အရ မြေဆီလွှာတွေဟာ စိုက်ပျိုးမြေအဆင့် ဘယ်အခြေအနေတွေမှာ ရှိတယ်ဆိုတာကို အဖြေထုတ်နိုင်မယ်၊ ဓာတ်ခွဲစမ်းသပ်ခြင်းက ရရှိတဲ့ရလဒ်အပေါ်မှာ နည်းပညာပိုင်းအရ အကြံပြုချက်တွေကို တောင်သူတွေဆီ ပေးနိုင်မယ်” ဟု ဧရာဝတီကို ပြောသည်။
နည်းပညာတက္ကသိုလ်(မန္တလေး) သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနအောက်ရှိ ဇီဝနည်းပညာ သုတေသနဌာနတို့ ပူးပေါင်းကာ ဖရဲ၊ သခွားစိုက်မြေများ၏ မြေဆီလွှာ အခြေအနေများကို လေ့လာခြင်းဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူလယ်သမားများ ၏ လူနေမှုဘဝမြင့်မားစေရေးအတွက် နည်းပညာအရ ကူညီ ဆောင်ရွက်ပေးနိုင်ရန်နှင့် ဒေသတွင်း စီးပွားရေးကို တတပ်တအား အထောက် အကူဖြစ်စေနိုင်ရန်လည်း ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို အင်ဂျင်နီယာ ဓာတုဗေဒဌာန၊ ဇီ၀ နည်းပညာ သုတေသနဌာနတို့ ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည် လွင်ပြင်ဒေသ၊ တံတားဦး၊ အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်တို့ကို ရွေးချယ်ကာ လေ့လာမှုများ စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ဒေါက်တာဆင့်စိုးက “လေ့လာလ့ို အခြေအနေတွေကို သိလာရင် စိုက်ခင်းမြေတွေရဲ့မြေထုညစ်ညမ်းမှုကို ကာကွယ်လာနိုင်မယ်။ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အထောက်အကူ ပြုနိုင်မယ်၊ ဒါကြောင့် သုတေသန လုပ်ငန်းတွေ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ဒေသခံတောင်သူများ ပူးပေါင်း ဆောင်ရွက်ဖို့လိုသလို အစိုးရအဖွဲ့နဲ့ စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီအစုအဖွဲ့တွေရဲ့ ပံ့ပိုး ကူညီမှုတွေလည်း အများကြီးလိုအပ်ပါတယ်”ဟု ဆက်လက်ပြောသည်။
သုတေသနလုပ်ငန်းတွင် စိုက်ပျိုးတောင်သူများ သုံးစွဲနေသည့် ဓာတုပိုးသတ်ဆေး အသုံးပြုမှုဆိုင်ရာ စစ်တမ်း ကောက်ယူရန်၊ ဖရဲ၊သခွား စိုက်ပျိုးမြေများရှိ ဓာတုဓာတ်ကြွင်း အမျိုးအစားနှင့် ပမာဏ တိုင်းတာရန် ၊သုတေသနပြုလုပ် ရရှိသော ပတ်ဝန်းကျင် ညစ်ညမ်းမှုရလဒ်ကို အခြေခံ၍ တောင်သူများထံ အသိပညာဖြန့်ဖြူးရန်၊ တွေ့ရှိသည့် ဓာတ်ကြွင်း ပမာဏကို ဖယ်ရှား လျှော့ချပေးနိုင်သော နည်းပညာဖြန့်ဝေရန် တို့ ပါဝင်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးရှိ သခွား၊ဖရဲစိုက် ဒေသများ၌ သုတေသန လုပ်ငန်းများကို ယခုနှစ် မတ်လမှ ၂၀၁၉ မတ်လအထိ ၂ နှစ် ဆောင်ရွက် သွားမည်ဖြစ်ပြီး လက်ရှိတွင် စာရင်းပြုစုမှုများနှင့် တွေ့ဆုံမေးမြန်းမှုများကို ကျောက်ဆည်လွင်ပြင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား နှင့် တံတားဦးမြို့နယ်များတွင် ဆောင်ရွက်နေကြောင်း သိရသည်။
စိုက်ပျိုးမြေများအထိ ကွင်းဆင်းလေ့လာနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “သုတေသနလုပ်ငန်းတွေ လုပ်ဆောင်တဲ့ အခါမှာ အဓိက အခက်အခဲကတော့ တောင်သူတွေ ပူးပေါင်းပါဝင်မှု အားနည်းတယ်၊ နောက် စိုက်ပျိုးရေး ကုမ္ပဏီတွေကလည်း ပံ့ပိုးမှုနည်းတယ်၊ တချို့ တောင်သူတွေဆိုရင် သူတို့စိုက်မြေတွေအတွက် စိုးရိမ်မှုတွေ ရှိနေတယ်။ သုတေသန လုပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြပြီး သူတို့ကို ဒုက္ခပေးမယ်လို့ ထင်နေကြတာမျိုးတွေ ရှိတယ်”ဟု ဧရာဝတီကို ပြောသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးရေး တိကျခိုင်မာသော စစ်တမ်းတခုရရှိလာမည်ဖြစ်၍ တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ပြောင်းလဲလာသော စိုက်ပျိုးရေး နည်းစနစ်များနှင့်အတူ ပျက်စီး ယိုးယွင်းလာသော သဘာ၀ ပတ်ဝန်းကျင်အား မီးမောင်းထိုးပြသနိုင်ခြင်း၊ ဇီဝနည်းပညာ အသုံးပြု၍ ဂေဟစနစ် ပျက်စီးမှုများကို ထိန်းသိမ်း၍ သဘာ၀ ပတ်ဝန်းကျင်အား စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေရန် အထောက်အပံ့ပေးနိုင်ခြင်း၊ ကျန်းမာသန်စွမ်းသည့် ဈေးကွက်ဝင် ကောက်ပဲသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်သော လယ်ယာမြေကောင်းများ အသစ်တဖန် ပြန်လည်ရယူနိုင်ခြင်း စသော အကျိုးကျေးဇူးများ ရရှိလာမည်ဟု သိရသည်။
ယခုအခါ ဖရဲ၊ သခွားစိုက်ပျိုးမြေများတွင် သီးထပ်မစိုက်ပျိုးနိုင်ခြင်း၊ မြေအောင်းပိုးများ လျော့နည်း ရှားပါးလာခြင်း၊ စိုက်ပျိုးမြေများ၏ ချဉ်၊ငန်ဓာတ် လွန်ကဲလာခြင်း၊ မြေအတွင်း မြင်နိုင်သော၊ မမြင်နိုင်သော ဇီဝမျိုးကွဲမျိုးစုံများ၏ မျှခြေများ ပျက်စီး၍ လူတို့အပေါ် အကျိုး သက်ရောက်မှု ကြီးမားခြင်းနှင့် သဘာဝပတ်ဝန်းကျင်၏ ဟန်ချက်ညီညီ ဖွံ့ဖြိုးမှုအား အဟန့်အတား ဖြစ်စေခြင်း၊ မြေယာပျက်စီးမှု ပြဿနာ များကို လက်ရှိတွင် တောင်သူများ ရင်ဆိုင် တွေ့ကြုံနေရကြောင်းကို သုတေသန စစ်တမ်းများအရ တွေ့ရှိထားကြောင်း ကွင်းဆင်း လေ့လာ ချက်များအရ သိရသည်။
သုတေသနပြုလုပ်နေသည့် ဒေသများတွင် ဖရဲ၊ သခွားစိုက်ပျိုးမြေများကို တောင်သူများကိုယ်ပိုင် စိုက်ပျိုးမှုများ ရှိသကဲ့သို့ အများစုမှာ တရုတ်နိုင်ငံမှတဆင့် လာရောက်စိုက်ပျိုးကြပြီး ယင်းနိုင်ငံမှ တင်သွင်းလာသည့် တရားမဝင် ဓာတ်မြေသြဇာ နှင့် အသီးကြီးထွားမှုအတွက် အားတိုးဆေး အသုံးပြု စိုက်ပျိုးမှုများ၊ နည်းစနစ်မမှန်ဘဲ ဆေးဝါးအသုံးပြုမှုများ ရှိနေသည်ဟု သိရသည်။