အင်းဝရှေးဟောင်းဇုန်အတွင်း မဖွယ်မရာဓာတ်ပုံများ ရိုက်ကူးခြင်း၊ ရှေးဟောင်းတန်ဖိုး လျော့ကျစေသည့် အပြုအမူများ လုပ်ဆောင်ပါက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက “ဟီရိသြတ္တပကင်းမဲ့တဲ့ အပြုအမူ ပုံစံမျိုးလုပ်ရင် ပထမအကြိမ်အနေနဲ့ သတိပေးမယ်။ နောက်ဆို တရားစွဲဖို့အထိ လုပ်သွားမယ်။ ဒါနဲ့ပတ်သတ်ပြီး ဇုန်နယ်မြေမှာ တရားဝင်ကြေငြာမယ်” ဟု ပြောသည်။
ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂၀ (က) အရ ပြစ်ဒဏ်များကို ထောင်ဒဏ် ခြောက်လမှ ၁ နှစ် ဖြစ်စေ (သို့) ငွေဒဏ်အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၅ သိန်းဖြစ်စေ (သို့) ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။
ယခုလဆန်းပိုင်းက “Myanmar Live – လတ်တလောမြန်မာ့သတင်းများ” အမည်ရှိ ဖေစ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွင် အင်းဝရှေးဟောင်းဇုန်ရှိ ကျောင်းဆောင်တခုအတွင်း အမျိုးသမီးတဦးက ခန္ဓာကိုယ်ကိုပိတ်စဖြင့်ပတ်၍ မလုံတလုံပုံစံဖြင့် ရိုက်ကူးထားသောဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်သည်။
ထိုသို့ဓာတ်ပုံရိုက်ကူးသူနှင့် မော်ဒယ်လ်တို့ကို သတိပေးမှုပြုလုပ်ခဲ့ပြီး၊ နောင်တွင် ထိုကဲ့သို့ဆက်လက် ရိုက်ကူးပါက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဟု ဝန်ကြီး ဦးစိုင်းကျော်ဇောက ဆက်ပြောသည်။
ရှေးဟောင်းဇုန်နယ်မြေတွင် မဖွယ်မရာဓာတ်ပုံများ ရိုက်ကူးခဲ့မှု့အပေါ် ကဗျာဆရာကြီး ဦးကိုလေး(အင်းဝဂုဏ်ရည်)က “ရှေးဟောင်းနယ်မြေတွေကို စနစ်တကျထိန်းသိမ်းဖို့က အဓိက က ဘတ်ဂျတ်ပဲ။ ဘတ်ဂျတ်မရှိဘဲ ဘာမှလုပ်မရဘူး။ ဒါတွေကို ထိန်းသိမ်းဖို့၊ တားဆီးဖို့ဆိုတာ ရှေးဟောင်းမှာကလည်း ဝန်ထမ်းများများစားစားခန့်ဖို့ ဘတ်ဂျတ် မလုံလောက်တော့ ဒီလိုနဲ့ပဲအင်းဝလည်း တော်တော်ကုန်နေပြီ” ဟု ပြောသည်။
ဓာတ်ပုံရိုက်ကူးခဲ့သည့်နေရာသည် လေးထပ်ကျောင်းဟုခေါ်တွင်ပြီး သက္ကရာဇ် ၁၁၈၁ က ဘကြီးတော်မင်းနှင့် နန်းမတော်မယ်နုတို့က အရိမေတ္တယျ မြတ်စွာဘုရားပုံတော် ကြေးသွန်းလှူဒါန်းခဲ့သည့် ကျောင်းတိုက်ကြီး ဖြစ်ကြောင်းနှင့် ထိုကြေးသွန်းရုပ်ပွားတော်ပုံသည်လည်း ဘုရားခိုးသူများ လက်ချက်ကြောင့် မရှိတော့ကြောင်း အင်း၀ ဇာတိသားဖြစ်သည့် ကဗျာဆရာဦးကိုလေးက ရှင်းပြသည်။
အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေများတွင် မဖွယ်မရာပြုမူများကို ကာကွယ်တားဆီးရန် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးကို စိတ်ဝင်စားသည့် ဒေသခံများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဦးစိုင်းကျော်ဇောက ပြောသည်။
၂၀၁၃ ခုနှစ်က မန္တလေးနန်းတွင်းရှိ မင်းတုန်းမင်းတရားကြီးရုပ်တုအနီး အမျိုးသမီးတဦးက မဖွယ်မရာ ပြုလုပ်သည့်ဓာတ်ပုံ လူမှုကွန်ရက်ဖေ့ဘုတ်စ် စာမျက်နှာတွင် ပျံနှံ့ခဲ့သည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထိုနေရာကို မဝင်ရဟု ကန့်သတ်ခဲ့သည်။