တရုတ်နိုင်ငံတွင် အွန်လိုင်းလောင်းကစား ဂယက်ရိုက်မှုများကြောင့် တရုတ်ဘက်မှ ဘဏ်အကောင့် ၅၀၀၀ ကျော်ကို အရေးယူ ပိတ်ဆို့ရာတွင် မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် လုပ်ငန်းရှင်များ၏ အကောင့် ၁၃၀ ကျော် ပါဝင်နေပြီး ယင်းတို့ကို အမြန်ဆုံး ပြန်ဖွင့်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်သံရုံးမှတဆင့် ညိုနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ မြန်မာနိုင်ငံသားများ ဘဏ်အကောင့် အပိတ်ခံရခြင်းနှင့် ပတ်သက်ပြီး ဇွန်လ ၁၈ ရက်နေ့တွင် မြန်မာနှင့် တရုတ် နိုင်ငံတို့ဘက်မှ တာဝန်ရှိသူများက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့်များကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးရန် ဆောင်ရွက်နေကြောင်း စီးပွား/ ကူးသန်း ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။
ဦးတိုးအောင်မြင့်က“သံရုံးဘက်ကလည်း ပြောပါတယ်။ ယူနန်ပြည်နယ် အစိုးရက မသိလိုက်ဘူး။ အခြားပြည်နယ်တခုမှာ ဖြစ်သွားတာ။ သူတို့ တရုတ်နိုင်ငံမှာ အွန်လိုင်းလောင်းကစားနဲ့ ပတ်သက်ပြီး ငွေကြေးဘီလီယံလောက် အရှုပ်အရှင်း ဖြစ်ကြတယ်။ အရေးယူတာ၊ ဖမ်းဆီးတာတွေ ရှိတယ်။ မြန်မာနိုင်ငံနဲ့ ဆက်စပ်တဲ့ ပုဂ္ဂိုလ်တချို့ ပါတယ်။ အဲဒီလူရဲ့ အကောင့်နဲ့ သူနဲ့ ဆက်စပ်တဲ့ အကောင့်တွေ ပိတ်လိုက်တဲ့အခါမှာ ဘဏ်အကောင့် ၅၀၀၀ လောက် အပိတ်ခံရတယ်။
ရွှေလီဘက်က လူကလည်း လူဦး ရေ ၅၀၀၊ ၆၀၀ လောက် အကောင့်ပိတ်ခံရနိုင်တယ်။ အဲဒီအထဲမှာမှ မြန်မာနိုင်ငံသား ၁၃၀ ကျော်၊ ၁၄၀ ကျော် ပါတယ်လို့ သိထားရတယ်။ အသေးစိတ်သိရဖို့ မူဆယ်စခန်း တာဝန်ခံကမှ တဆင့် တရုတ် ဘက်ကို တောင်းထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ကုန်သွယ်မှုနှင့်ပတ်သက်သည့်သူများ ပါဝင်နေ၍ အမြန်ဆုံး ဖွင့်ပေးရန် ညှိနှိုင်းထားပြီး ယမန်နေ့ကလည်း မူဆယ်ကုန် သွယ်ရေးရှိ ညွှန်မှူးက မူဆယ်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရွှေလီမှ ဒုမြို့တော်ဝန်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကို အောက်ခြေမှ မသိရှိလိုက်ကြောင်း အကောင့်ပိတ်ခံရသည်မှာ လနှင့်ချီကြာနိုင်သည့် သဘောရှိသော်လည်း အမြန်ဆုံးရအောင် ပြန်လည် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။
တရုတ်နိုင်ငံက အွန်လိုင်းလောင်းကစားမှုနှင့် ပတ်သက်ပြီး တရားမဝင် ငွေလွှဲပြောင်းခြင်း မပြုလုပ်နိုင်စေရန် တရုတ်ဘက်ရှိ ဘဏ် အကောင့်များကို ခေတ္တထိန်းသိမ်းလိုက်ရာတွင် မြန်မာနိုင်ငံသားများ၏ အကောင့်များ ပါဝင်နေခြင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများ၏ ဘဏ်အကောင့့်် ၁၃၀ ကျော် အပိတ်ခံရသည်ဟု အကြမ်းဖျင်းသာ သိရှိရသေးပြီး အတိအကျ သိရှိနိုင်ရန် တရုတ်နိုင်ငံ တာဝန်ရှိသူများထံမှ စာရင်းတောင်းခံထားကြောင်း စီးပွား/ ကူးသန်း ဝန်ကြီးဌာနမှ သိရသည်။ သို့သော် အကောင့်ပိတ်ခံလိုက် ရသူများထဲတွင် မည်သူများ ပါဝင်သည်ဆိုသည်ကို မသိရှိရပေ။
နယ်စပ်မှ မြန်မာနိုင်ငံသား (လယ်ယာထွက်ကုန်ပစ္စည်းဆန်၊ ပဲ၊ပြောင်း၊နှမ်း၊သကြား၊ Export လုပ်ကိုင်သူများနှင့် မြေသြဇာ၊ လယ်ထွန်စက် အစရှိသည့် import လုပ်ကိုင်သူများ)များ၏ တရုတ်ဘဏ်တွင် ဖွင့်လှစ်ထားသည့် ငွေစာရင်း ရာပေါင်းမျာ စွာကို ကြိုတင်အသိပေးခြင်းမရှိဘဲ ၂၀၁၇ ခုနှစ် ဇွန်လ ၁၄-၁၅ ရက်များတွင် ထိန်းချုပ်(Freeze)ခံရပြီး ယွမ်ငွေ သိန်းထောင်ကျော် (မြန်မာငွေ ကျပ်ဘီလီယံ ၄၀၀ကျော်) ရှိကြောင်း ကုန်သည်များထံမှ သိရသည်။
ထို့သို့ ဘဏ်အကောင့် ပိတ်လိုက်ခြင်းများကြောင့် မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ အဓိကကုန်သွယ်မှု ပြုလုပ်နေသော ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲသီးနှင့် အခြားသီးနှံများမှာ ကုန်သွယ်မှု ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း မူဆယ်နယ်စပ် ကုန်သည်များထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဆိုင်းကျော်က“ကျနော်တို့ နိုင်ငံက ကုန်သည်တယောက်ကို ကျော်စောမှုနဲ့ ဖမ်းလိုက်တယ်။ ဆန်က ကျနော်တို့ကသွားရင် တရားဝင်တယ်။ တရုတ်ဘက် ရောက်ရင် တရားမဝင်ဘူး။ ဒါကြောင့်ဖြစ်တယ်။ မြန်မာနိုင်ငံ ကောက်ပဲသီးနှံရဲ့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းကလည်း တရုတ်ပဲသွားတာဆိုတော့ အဲဒီလို ကိုင်လိုက်တော့ ဒုက္ခရောက်တာပေါ့။
အရင်က ဘဏ်အကောင့်ပိတ်တာ ရှိတယ်။ အခုလောက်တော့ ငွေကြေးပမာဏ မများဘူး။ ပြန်ဖွင့်ပေးတာလည်း ရှိတယ်။ မဖွင့်ပေးတဲ့ အကောင့်တွေလည်း ရှိတယ်။ အဲဒါကတော့ ၁၀ ဦး၊ ၁၅ ဦးလောက်ဆိုတော့ သိပ်မသိသာဘူး။ အကောင့်တခါ ပိတ်ရင် လချီကြာတယ်’’ ဟု ဧရာဝတီကို ပြောသည်။
ယခုအချိန်တွင် အထက်ပါ အခြေအနေများကြောင့် မြန်မာနိုင်ငံမှ တရုတ်သို့ အဓိက တင်ပို့သောဆန်မှာ ဈေးကွက်ပျက်နေပြီး အကျ ဈေးဖြစ်သည့်တိုင်အောင် ကုန်သည်များ ဝယ်ယူနိုင်ခြင်းမရှိ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
နယ်စပ်ကုန်သွယ်ရေးအရ တရုတ်နိုင်ငံသို့ ရောင်းဝယ်ရာတွင် တရုတ်နိုင်ငံရှိ ဘဏ်အကောင့်ကို အသုံးပြုပြီး လုပ်ဆောင် ရသည်။ ဥပမာ – ဆန်ရောင်းသည့်အခါ ဆန်ကိုတရုတ်ကုန်သည်ထံ အကြွေးပေးလိုက်ပြီး ထိုသူကဘဏ်အကောင့်ထဲသို့ ငွေပြန်လွှဲပေးသည်ကို စောင့်ဆိုင်း ရခြင်းများ ရှိနေ၍ အန္တရာယ်ရှိသော်လည်း တရုတ်ဘက်တွင် ဘဏ်အကောင့်များ ဖွင့်ပြီး လုပ်ဆောင်နေရခြင်း ဖြစ်သည်။ မူဆယ်ဘက်တွင် မြန်မာဘဏ်များက နိုင်ငံခြားငွေ အကောင့်ဖွင့်ရန် အစည်းအဝေးများတွင် တင်ပြခဲ့ဖူးသော်လည်း ယနေ့အထိ အကောင်အထည် မပေါ် သေးကြောင်း သိရသည်။
ပြည်ပပို့ဆန်၏ ၆၀ ရာခိုင်နှုန်းကျော်၊ ပြောင်း၏ ၉၉ ရာခိုင်နှုန်း၊ ဖရဲ ၏ ၉၀ ရာခိုင်နှုန်း၊ သကြား၊ ပဲ၊ နှမ်း ရေထွက်ပစ္စည်း များကို နယ်စပ်မှ တဆင့် တရုတ်နိုင်ငံသို့ အဓိကရောင်းချနေရပြီး ယင်းသို့ ရောင်းချခွင့် မရပါက တောင်သူလယ်သမား များ အနေဖြင့် ဈေးကွက် ပျောက်ခြင်း နှင့် ရင်ဆိုင်ရနိုင်ကြောင်း မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ကဏ္ဏလှည့်လည်သည့် ငွေမှာ ကျပ်ဘီလီယံ ၂၀၀၀ လောက်ရှိနိုင်ပြီး ယခု ထိန်းချုပ်ခံ လိုက်ရသည့် ပမာဏမှာလည်း ပြည်တွင်းငွေကြေးလှည့်လည်မှုကို ကြီးကြီးမားမားထိခိုက်နိုင်သဖြင့် တိုင်းပြည်၏ စီးပွားရေးကို အတိုင်းအတာ တခုအထိ အကျပ်အတည်းဖြစ်စေနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ၎င်း၏ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။