သတင်း

မုံရွာတွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ ဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရပ်ကွက် ၂ခုအတွင်း စိတ်ကြွဆေးပြား ၁ သိန်း အပါအဝင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး အမြောက်အမြား ကို ယနေ့ သိမ်းဆည်း ရမိကြောင်း မုံရွာ နယ်မြေ ရဲစခန်းမှ စခန်းမှုး ရဲအုပ် ရဲအောင် က ဧရာဝတီသို့ ပြောကြားသည်။

“ပမာဏကတော့ စစ်ကိုင်းတိုင်းမှာ အများဆုံးလို့ ပြောနိုင်တယ်။ အခုလောလောဆယ်တော့ မူးယစ်တပ်ဖွဲ့ က သိမ်း ဆည်း ရမိ မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးသိရအောင် ချိန်တွယ် တွက်ချက်နေတုန်း ရှိပါသေးတယ်” ဟု စခန်းမှုး ရဲအုပ် ရဲအောင်က ပြောသည်။

လက်ရှိတွင် 88 နှင့် I စာတမ်းပါ စိတ်ကြွဆေးပြား အရေအတွက် ၁ သိန်းနှင့် ဘိန်းဖြူ ဟု ယူဆရသည့် ဖြူ၊ ဝါရောင် အမှုန့်များပါ အထုပ်ပေါင်း ၁၀၇၁ ထုပ် ကို တွေ့ရှိခဲ့ကြောင်း၊ အလေးချိန်နှင့် တန်ဖိုး များကို နယ်မြေ မူးယစ်တပ်ဖွဲ့က စိစစ် တွက်ချက်လျက် ရှိကြောင်းလည်း မုံရွာနယ်မြေ ရဲစခန်းက ဆိုသည်။

ယင်း ဘိန်းဖြူ အမှုန့်များကို ဆပ်ပြာခွက်အတွင်း ထည့်ထားခြင်း ဖြစ်ပြီး ဆပ်ပြာခွက် တခွက်လျှင် ၁၀ ဂရမ် ကျော် ပါဝင်ကြောင်း သိရသည်။

နိုင်ငံတော်က သတ်မှတ်ထားသည့် တန်ဖိုးအရ ဘိန်းဖြူ တကီလိုဂရမ်လျှင် ကျပ်သိန်း ၂၀၀ သတ်မှတ်ထားပြီး ယခု သိမ်းဆည်း ရမိသည့်ပမာဏအရ စုစုပေါင်းတန်ဖိုးသည် ကျပ်သိန်းပေါင်း သောင်းဂဏန်း ဝန်းကျင် ရှိနိုင်သည်ဟု ဆို သည်။

“ဒီကိစ္စက အလွယ်တကူနဲ့ ကောက်ချက်ချလို့ မရသေးဘူး။ ပမာဏလည်း အရမ်းများတဲ့အတွက် တန်ဖိုး တိတိကျကျ ထွက်လာမှ၊ တန်ဖိုးထွက်လာတော့ အမှုဖွင့်တာတွေ၊ တရားခံဖော်ထုတ်ဖို့ကိစ္စတွေ ဆက်လုပ်သွားမှာပါ” ဟု ရဲအုပ် ရဲအောင် က ပြောသည်။

မုံရွာမြို့ပေါ်က ထန်းတောရပ်ကွက်ရှိ ကျေးဇူးရှင် ဘုန်းကြီးကျောင်း တောင်ဘက် အုတ်တံတိုင်းအနီးမှ စိတ်ကြွ ဆေးပြား နှင့် ဘိန်းဖြူဟု ယူဆရသည့်အမှုန့်များ ထည့်ထားသည့် ပီနံအိတ် ၁၀ ထုပ်ကို ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်း က စတင်တွေ့ရှိခဲ့သည် ဟု သိရသည်။

ထို့နောက် ထန်းတောရပ်ကွက်နှင့် နန္ဒာဝန် ရပ်ကွက်အတွင်းက အမှိုက်ပုံနှင့် လမ်းဘေးရှိ မြေကွက်လပ် စသည့် နေရာ ၈ နေရာတို့တွင် ဘိန်းဖြူ ထည့်ထားသည့် ဆပ်ပြာခွက် အထုပ်များကို ညနေပိုင်းအထိ ဆက်တိုက်တွေ့ရှိခဲ့၍ လက်ရှိ မုံရွာနယ်မြေ ရဲစခန်းတွင် သိမ်းဆည်းထားပြီး စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

“မူးယစ်က တာဝန်ရှိတဲ့အရာရှိတွေ သုံးသပ်တာကတော့ ဒါတွေက ရှမ်းပြည်ဘက်က လာတဲ့မူးယစ်ဆေးဝါး တွေလို့ ပြောကြတယ်။ ပြီးတော့ မုံရွာက မှော်နယ်မြေတွေ သွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာဆိုတော့ အကြောင်း တခုခု ကြောင့် ခရီးသွားဟန်လွှဲ ပစ်သွားတဲ့ပုံစံပါပဲ” ဟု မျက်မြင်ဒေသခံ တဦး ဖြစ်သည့် မောင်လေးငယ်ငယ်က ပြောသည်။

ထန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ခင်ပပက “ဒီလောက်အများကြီးမိတာ တခါမှလည်း မကြုံဘူးတော့ ဘယ်ကနေ ဘယ်လိုဖြစ်တယ် ဆိုတာ မှန်းမရအောင်ပါပဲ။ မြို့အနေအထားအရ ပြောရရင် ဒါအများဆုံးတွေ့တာလို့ ပြောလို့ရတယ်။ ဒါတွေကို တာဝန်ရှိတဲ့သူတွေက ပြည်သူအများရှေ့မှာ သေချာမီးရှို့ဖျက်ဆီးသင့် တယ်။ ပြည်သူတွေ ကြားထဲကို ပြန် ပျံ့သွားရင် မလိုလားအပ်တဲ့ မှုခင်းတွေ အများကြီး ဖြစ်လာနိုင်တယ်” ဟု ပြောဆိုသည်။

 

 

Did you find apk for android? You can find new Free Android Games and apps.
Loading