သတင်း

ကလေး ၃ ဦးကို သတ်မှုဖြင့် တွံတေးက ပယောဂဆရာကို သေဒဏ်ချ

ပယောဂကုသည်ဟုဆိုကာ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း ကလေးငယ် ၃ ဦးအား လက်လွန်ခြေလွန် သတ်ဖြတ်ခဲ့သည့် တွံတေးမြို့နယ်မှ ပယောဂ ဆရာ ဆိုသူ ထွန်းနိုင်အား တောင်ပိုင်းခရိုင်တရားရုံးက ယနေ့ မနက်ပိုင်းတွင် သေဒဏ်ချမှတ်လိုက်ကြောင်း တွံတေး မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်နိုင်စိုးက ပြောသည်။

တရားခံ ထွန်းနိုင်အား ဒုတိယ ခရိုင် တရားသူကြီး (၄) ဒေါ်မေသက်ဦးမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂(၁)(ခ) အရ သေဒဏ်နှင့် ပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၇ နှစ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

သေဒဏ်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တင်မြောက်ထားသည့် နိုင်ငံတော်သမ္မတမှ နောက်ဆုံးအဆင့်လက်မှတ် ရေးထိုးအတည်ပြုကာ သေဒဏ်ပေးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမျိုးသိမ်းက ရှင်းပြသည်။

ပြစ်ဒဏ်နှင့်ပတ်သက်၍ တရားခံအနေဖြင့် အမိန့်ချမှတ်ပြီး ၇ ရက်အတွင်း နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်ရုံးသို့ အယူခံတင်သွင်းခွင့်ရှိကြောင်းလည်း သိရသည်။

အမှုမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့တွင် တွံတေးမြို့နယ်၊ ပသီကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထွန်းနိုင်မှ ပယောဂကုသည်ဟုဆိုကာ ကန်ကျောက်ခြင်း၊ လက်သီးဖြင့် ထိုးခြင်းများကြောင့် ၃ နှစ်အရွယ် မောင်နေလင်း၊ ၂ နှစ်ခန့်အရွယ် မလှနှင်းရွှေနှင့် ၈ လအရွယ် မယမင်းတို့ သုံးဦးသေဆုံးခဲ့ရပြီး ၄ နှစ်အရွယ် မသင်းသင်းစိုးတွင် ဖူးရောင်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ရပ်ကို ဧရာဝတီက ရေးသားထားသော “ကလေး ၃ ဦး သေဆုံးမှုက တပ်လှန့်လိုက်တဲ့ ပယောဂ ကုထုံး”  ဆောင်းပါးတွင် ဖတ်ရှုနိုင်သည်။

Loading