ယခုဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လအလယ်ထိ၂ လကျော်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ၆၆ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၂၄ ခုကို ခွင့်ပြုပေးခဲ့ရာမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်အထိ ရရှိထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒုညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က “ လျှပ်စစ်လိုစီမံကိန်းတွေ ပမာဏများတာတွေ လာဖို့ရှိနေတယ်။ တန်ဖိုးများတဲ့ဟာတွေ ဝင်လာလို့ တိုးတာဖြစ်တယ်။ နောက်ထပ် ခွင့်ပြုပေးဖို့ နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံ မှုက ၂၄ ခုလောက် ရှိတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၁၅၄သန်းလောက် ရှိတယ်။ ဒါတွေကို စိစစ်နေတယ်။ တခု လောက်ပဲ ဥပဒေအဟောင်းနဲ့ ခွင့်ပြုဖို့ကျန်တော့တယ်” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ၌ တရုတ်နှင့် ဟောင်ကောင်တို့မှ CMP အထည်ချုပ် လုပ်ငန်းများကို ခွင့်ပြုပေး ရန် ကျန်ရှိနေသေးပြီး ငါး၊ ပုဇွန် အစာစပ် လုပ်ငန်းများကို ခွင့်ပြုပေးရန် စိစစ်နေကြောင်း ၎င်းက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနစီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရုံး ရန်ကုန်တွင် ဇွန်လ ၁၉ ရက်နေ့၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသစ်ပြဋ္ဌာန်းထားသော်လည်း ယခင်နှစ်များက လျှောက် ထားခဲ့သည့် လုပ်ငန်းများနှင့် ယခုဥပဒေသစ်အတွင်း လျှောက်ထားခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများကို ခွင့်ပြုပေး နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခွင့်ပြုခဲ့သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် ယခုနှစ် ဧပြီလမှ လက်ရှိအထိ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၆၄၀၀၀ ကျော် ဖန်တီးပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းလုပ်သားများကို စက်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အခြားဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ် ဓာတ်အား ကဏ္ဍလုပ်ငန်း၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍလုပ်ငန်း၊ မွေးမြုရေးနှင့် ရေလုပ်ငန်း ကဏ္ဍလုပ်ငန်း၊ အစာစပ်လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးရေးကဏ္ဍတု့ိတွင် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
ယခုလ နောက်ဆုံးခွင့်ပြုပေးထားသည့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၂ ခုတွင် စက်မှုလုပ်ငန်း ၁၀ ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍလုပ်ငန်း ၁ခု၊ မွေးမြုရေးနှင့် ရေလုပ်ငန်း ၁ ခု ၊အခြားဝန်ဆောင်မှု လုပ်ငန်းမှ ၈ ခုနှင့် အိမ်ရာအဆောက်အအုံဖွံ့ဖြိုးမှု ကဏ္ဍ ၂ ခုတို့ပါဝင်ကြပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄ခုတွင် စက်မှုလုပ်ငန်း ၃ ခုနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ လုပ်ငန်း ၁ ခုတို့ ပါဝင်ကြောင်း ဒုညွန်ချုပ် ဦးဆန်းမြင့်က ပြောသည်။
ဆက်လက်၍ ၎င်းက “ ဒီလိုခွင့်ပြုတဲ့နေရာမှာ ၂ မျိုး ရှိတယ်။ ခွင့်ပြုမိန့်ထုတ်ပေးတဲ့ လုပ်ငန်းနဲ့ အတည်ပြုထုတ်ပေးတဲ့ လုပ်ငန်းဆိုပြီး ရှိတယ်။ နိုင်ငံခြားသားမှာဆိုရင် အခုအစည်းအဝေးမှာ ခွင့်ပြုမိန့်နဲ့က လုပ်ငန်း ၁၀ ခု၊ မြန်မာနိုင်ငံသားက ၂ ခု ဖြစ်တယ်။ အတည်ပြု အမိန့်နဲ့က နိုင်ငံခြားသားက ၁၂ ခု၊ မြန်မာနိုင်ငံသားက ၂ ခုဖြစ်တယ်။ ဒါကြောင့် ဒီအစည်းဝေးမှာ စုစုပေါင်း ၂၆ ခု ခွင့်ပြုပေးခဲ့ပါတယ်” ဟု ရှင်းပြသည်။
လက်ရှိတွင် ရင်းနှီးမြှုုပ်နှံမှု ပမာဏ တိုးလာနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် နယ်သာလန်နိုင်ငံက အများဆုံးဖြစ်ကာ စားသောက်ကုန်၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် မွေးမြူရေး လုပ်ငန်းများတွင် မြန်မာနိုင်ငံသား များနှင့် ဖက်စပ်လုပ်ကိုင်နေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
ထို့အပြင် စင်ကာပူ၊ တရုတ်၊ မကာအို၊ ဗြိတိန်၊ ဟောင်ကောင်နှင့် ပြင်သစ်နိုင်ငံများကလည်း လာရောက် ရင်းနှီး လုပ်ကိုင် ကြသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု၊ အလုပ်အကိုင်သစ်များ ဖန်တီး ပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက်ရရှိနိုင်မှု၊ ပြည်တွင်း၊ ပြည်ပဈေးကွက်အခြေအနေ၊ ပြည်တွင်း စားသုံးရန် လို အပ်ချက်၊ နည်းပညာဆီလျော်မှု၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာ လွှဲပြောင်းရရှိမှု ၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်ခြင်းနှင့် တည်ဆဲ ဥပဒေများကို လိုက် နာခြင်းစသည့် အချက်များကို အခြေခံပြီး ခွင့်ပြုပေးခြင်းဖြစ်သည်။