မန္တလေးတိုင်း ဒေသကြီးရှိ အစိုးရဌာနဆိုင်ရာများနှင့် ဆက်စပ်သည့် လုပ်ငန်းကိစ္စများကို အများပြည်သူ သိရှိနိုင်စေရန် E-Mandalay ဝက်ဘ်ဆိုက်ကို ယခုလ နောက်ဆုံးပတ်အတွင်း စတင် လွှင့်တင်မည်ဖြစ်ကြောင်း ယင်းကဏ္ဍကို တာဝန်ယူထားသည့် မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ဧရာဝတီကို ပြောသည်။
ဦးစိုင်းကျော်ဇောက “ မီတာလျှောက်ချင်တဲ့သူ အနေနဲ့ လျှပ်စစ်ဆိုတဲ့စာလုံး ရိုက်ထည့်ရှာလိုက်တာနဲ့ မီတာ လျှောက်ရင် လိုအပ်မယ့် လုပ်ငန်းစဉ်တွေအားလုံးကို တခါတည်း သိနိုင်မယ်။ ဝက်ဘ်ဆိုက်မှာ ကိုယ် လိုချင်တာကို ကြိုဖတ်သွားတဲ့အတွက် စာရွက်စာတမ်းလိုလို့ ဆိုပြီး အိမ်နှစ်ခါ ပြန်နေစရာ မလိုတော့ဘူး” ဟု ပြောသည်။
ဥပမာအားဖြင့် ကုမ္ပဏီလိုင်စင် လျှောက်ထားလိုသူအနေဖြင့် လိုအပ်သည့် ဌာနဆိုင်ရာ အချက်အလက်များ၊ လျှောက်လွှာပုံစံများ၊ သွားရောက်ရမည့် ဌာနအမည်နှင့် လိပ်စာများကို E-Mandalay ဝက်ဘ်ဆိုက်တွင် အသေးစိတ် ဖော်ပြထားမည်ဖြစ်ရာ ရုံးဌာနများသို့ မသွားမီ လိုအပ်သည့် အချက်အလက်များကို ကြိုတင် ပြင်ဆင်သွားနိုင်မည်ဟု ဆိုသည်။
မန္တလေးတိုင်းရှိ အစိုးရဌာနဆိုင်ရာ ၇၀ ကျော်၏ ရုံးလုပ်ငန်း အချက်အလက်များကို ဝက်ဘ်ဆိုက်တွင် ထည့်သွင်းထား မည်ဖြစ်ရာ လက်ရှိတွင် ဌာနပေါင်း ၆၀ ကျော်မှ အချက်အလက်များ ရရှိပြီး ဖြစ်ကြောင်း သိရသည်။
ယခင်အစိုးရလက်ထက်က အစိုးရဝက်ဘ်ဆိုက်( E-Government) စတင်ရန်အတွက် ဘတ်ဂျက် ကျပ်သိန်း ၂ သောင်းကျော် ချထားပေးပြီးဖြစ်ရာ ယင်းတို့ထဲမှ ထုတ်ယူ သုံးစွဲသွားမည်ဖြစ်ပြီး E-Mandalayဝက်ဘ်ဆိုက် လွှင့်တင် နိုင်ရန် မန္တလေး နည်းပညာတက္ကသိုလ်မှ ကျောင်းသားများက ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ကျောင်းသား ၃၆ ဦး ကို သင်တန်းပေးထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက “ဝက်ဘ်ဆိုက် ကိုကြည့်ပြီး လုပ်ငန်းလိုင်စင်တခု လျှောက်မယ်ဆိုရင် ဘာလိုမလဲဆိုတာ ကြိုပြင်သွားလို့ ရတာပေါ့။ ဒီအဆင့်ကနေ နောက်ဆိုရင် အွန်လိုင်းကနေ ဖောင်တင်နိုင်တဲ့အဆင့်ထိ လုပ်နိုင်ရင်တော့ အများပြည်သူ အတွက်လည်း အချိန်ကုန် သက်သာသလို ဌာနဆိုင်ရာတွေမှာ မလိုအပ်တဲ့ လာဘ်ပေး လာဘ်ယူမှုတွေလည်း နည်းသွားမယ်။
ဒါပေမဲ့ လက်ရှိမှာ လူအများစုက ဝက်ဘ်ဆိုက်ကို ကြည့်တဲ့ အလေ့အထ နည်းကြသေးတော့ အဲဒီအတွက်ကို ပညာပေးလုပ်ငန်းတွေ အများကြီး လုပ်ပေးဖို့တော့ လိုမယ်” ဟု ဧရာဝတီကို ပြောသည်။
E- Mandalay ရုံးခန်းကို တိုင်းလွှတ်တော်ဟောင်း အဆောက်အအုံတွင် ထားရှိမည်ဖြစ်ပြီး ယခုဝက်ဘ်ဆိုက်သည် မန္တလေးတိုင်း၏ ကနဦးစီမံချက်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကာ အောင်မြင်ပါက ပုဂံအတွက် ခရီးသွားလမ်းညွှန်ပုံစံ ဝက်ဘ်ဆိုက်နှင့် ဖုန်း Application ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့မှ သိရသည်။
ယခင်အစိုးရဟောင်း အသုံးပြုခဲ့သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝက်ဘ်ဆိုုက်ကိုလည်း ဆက်လက် ထားရှိ မည်ဖြစ်ပြီး ယင်းသည် တိုင်းအစိုးရအဖွဲ့၏ လှုပ်ရှားမှုလုပ်ငန်းများကိုသာ ဖော်ပြသွားမည်ဟု ဝန်ကြီး ဦးစိုင်းကျော်ဇော က ပြောသည်။