ကချင်ပြည်နယ် တနိုင်းမြို့ ပယင်းမှော်ကျေးရွာရှိ နွိုင်ဂျီဘမ်ပက်ဆမ်မှော်သို့ ရောက်ရှိနေချိန် မိုးသည်းညတညမှာ တနိုင်းမြို့နယ် သတ္တုတူးဖေါ်ရေးအရာရှိ ဦးမြင့်အောင်က ကျနော်တို့အားလုံး ဒီကထွက်သွားရမယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အမိန့်ထုတ်လိုက်ကြောင်း လာရောက်ပြောဆိုသည်။
“ဒီနေ့ဟာ မှော်ထဲမှာ ကျနော်တို့နေလို့ရတဲ့ နောက်ဆုံးနေ့ပဲ။ ဒါပေမယ့် သတင်းထောက်တွေကတော့ KIA စစ်သားတွေနဲ့ ရှေ့တန်းမှာနေလို့ရတယ်” ဟု ဦးမြင့်အောင်က သည်းထန်လှသည့် မိုးသံကိုကျော်လွန်ပြီး ကျနော်တို့ သတင်းထောက်များကို အော်ပြောလိုက်သည်။
ဇွန်လ ၁၆ ရက်တွင် နွိုင်ဂျီဘမ် ပက်ဆမ်မှော်၌ KIA စစ်သားများသာ ကျန်ရှိတော့သည်။ KIA အဖွဲ့မှ သတ္တုတူးဖေါ်ရေး အရာရှိများ အပါအဝင် အရပ်သားအားလုံးသည် အစိုးရစစ်တပ်က ဝင်ရောက်တိုက်ခိုက်လာမည်ဟု ယူဆပြီး ထိုဒေသမှ ရွှေမှော်၊ ပယင်းမှော်များကို စွန့်ခွာထွက်သွားကြသည်။
စစ်ဘေးရှောင်ဒေသခံ IDP အများအပြားလည် ဇွန်လ ၆ ရက် တိုက်ပွဲများစတင်ချိန်၌ ပစ်ခတ်တိုက်ခိုက်မှုများကို ကြုံတွေ့ရပြီး တနိုင်းမြို့သို့ ထွက်ပြေးခိုလှုံကြသည်။ ကျနော်တို့သတင်းသမားအဖွဲ့က ရှေ့တန်းစစ်မျက်နှာသို့ ဒုတိယအကြိမ် လိုက်သွားသင့်သည် (သို့မဟုတ်) တနိုင်းမြို့သို့ထွက်ခွာသွားနေသည့် သတ္တုတူးဖေါ်ရေး အရာရှိများနောက်သို့လိုက်သွားသင့် မသင့်ကို ဆွေးနွေးကြသည်။
သတ္တုတူးဖေါ်ရေး အရာရှိများက ကျနော်တို့သတင်းသမားများအဖွဲ့ကို ပထမဆုံးအကြိမ် စစ်မြေပြင်သို့ သွားရောက်ရန်အတွက် အစားအသောက်များနှင့်အတူ ပို့ဆောင်ပေးခဲ့သူများ ဖြစ်သည်။ ယခုတိုက်ပွဲဖြစ်ပွားနေသဖြင့် KIA စစ်သားများလည်း အလွန်အလုပ်ရှုပ်နေကြပြီး သတ္တုတူးဖေါ်ရေးအရာရှိများ မရှိပါက ကျနော်တို့သတင်းသမားများ အစားအသောက်အတွင် မိမိတို့ကိုယ်တိုင် ရှာဖွေချက်ပြုတ်စားသောက်ရတော့မည် ဖြစ်သည်။
ကျနော်တို့ တည်းခိုရာနေရာသည် ဒေသခံများ စွန့်ပစ်ထွက်ပြေးသွားကြသည့် အိမ်ခြေ ၃၀၀ ရှိ နမ့်ခမ်းကျေးရွာတွင် ဖြစ်သည်။ ထိုနေရာမှ ဖါးကန့်မြို့သို့ သွားလိုပါက တောတွင်းခြေလျင်ခရီး အနည်းဆုံး ၅ ရက် သွားရသည်ဟု ဆိုသည်။ ထို လမ်းခရီး၏ တချို့နေရာများတွင်လည်း ရေလွှမ်းခံနေရကြောင်း ကြားသိရသည်။
တောတွင်းခြေလျင်ခရီး အတွေ့အကြုံ မရှိကြသည့်အပြင် ကျနော်တို့သတင်းသမားများ၏ လေးလံလှသည့် ကျောပိုးအိတ်ကြီးများကြောင့် အစိုးရစစ်တပ်နှင့် တည့်တည့်တိုးနိုင်ပြီး အန္တရာယ်လည်း ရှိနေသည်။ မှော်အတွင်း ကျန်ရစ်သူ မည်သူကိုမဆို KIA အဖြစ် သတ်မှတ်မည်ဟု ဇွန်လ ၄ ရက်တွင် အစိုးရစစ်တပ်က ရဟတ်ယာဉ်မှကြဲချခဲ့သည့် စာရွက်များတွင် သတိပေးကြေညာခဲ့ပြီး မဟုတ်ပါလော။
ထိုအခြေအနေများကြောင့် ကျနော်တို့ သတင်းသမားများအားလုံး သတ္တုတူးဖေါ်ရေးအရာရှိများနောက်သို့ လိုက်သွားရန်ု ဆုံးဖြတ်လိုက်ကြသည်။
KIA တပ်ဖွဲ့များ နံနက် ၈ နာရီတွင် အစည်းအဝေးကျင်းပပြီး၊ တပ်ဖွဲ့များရှေ့တန်းသို့ မစေလွှတ်မီ ၎င်းတို့၏ ပယင်းများ၊ လက်နက်များနှင့် အခြားကိရိယာများကို ရုံးခန်းများမှ ရွှေ့ပြောင်းကြရန် လုပ်ကိုင်နေကြသည်။
ကျနော်တို့ သတင်းသမားများအဖွဲ့သည် ထိုနေရာမှ နောက်ဆုံးထွက်ခွာမည့်သူများ ဖြစ်လိမ့်မည်ဟု KIA တပ်ဖွဲ့ဝင်များက ပြောဆိုသည်။ အစိုးရစစ်တပ် ပိုမိုနီးကပ်လာနေပြီး ရှေ့တန်းတွင် KIA တပ်တချို့နှင့် တိုက်ပွဲများဖြစ်နေကြောင်း ၎င်းတို့က ပြောဆိုသည်။ မကြာမီ ယခုဒေသတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်လာမည်ဟု KIA တပ်ဖွဲ့ဝင်များက ဆက်ပြောသည်။
စိတ်မသက်မသာဖြစ်သွားသော ကျနော်တို့ သတင်းသမားများလည်း မိမိတို့ကို လာရောက်ခေါ်ဆောင်သည့် KIA တပ်များ ရောက်ရှိလာသဖြင့် ပြီးစီးအောင် မစားနိုင်သောက်ကြတော့ဘဲ ထွက်ခွာလာခဲ့သည်။
ကျနော်တို့အဖွဲ့ မော်တော်ယာဉ်ဖြင့် တနာရီနီးပါး စီးနင်းလိုက်ပါလာပြီးချိန်တွင် လှေဆိပ်သို့ရောက်ရှိပြီး ကံကောင်းလှစွာ ထိုလမ်းကြောင်းကို အစိုးရစစ်တပ်က ပိတ်ဆို့ထားခြင်း မရှိသေးပေ။ နောက်ထပ် တနာရီခန့်အကြာ လှေစီးပြီးနောက် ကမ်းသို့မကပ်ခင် ကျနော်တို့အဖွဲ့ စီးနင်းလာသည့် KIA ဘွတ်ဖိနပ်များကို ပြန်ချွတ်ကြရသည်။
ကျနော်တို့သတင်းသမားများအဖွဲ့ ရှေ့တန်းအတွင်း တောတွင်းခြေလျင်လျှောက်ရန် KIA တပ်ဖွဲ့၏ ဘွတ်ဖိနပ်များ ပေးစီးထားသော်လည်း အစိုးရစစ်တပ်က လမ်းတွင်တားစီးစစ်ဆေးပါက ကျနော်တို့အဖွဲ့ ရှေ့တန်းမှပြန်လာကြကြောင်း သိရှိသွားမည်ကို စိုးရိမ်နေကြသည်။
တနိုင်းမြို့သို့ အပြန်ခရီးတွင် အစိုးရစစ်တပ် ကင်းစခန်း ၂ ခုကို အသက်အောင့် ဖြတ်သန်းလာခဲ့ရသော်လည်း ရပ်တန့်စစ်ဆေးခြင်း မရှိပေ။ ကျနော်တို့သတင်းသမားများအဖွဲ့သည် စစ်ဘေးရှောင်များအဖြစ် အစိုးရကင်းစခန်းများကို ဖြတ်သန်းခဲ့ကြသည်။ တနိုင်းမြို့ရှိ တည်းခိုခန်းများသို့ ပြန်ရောက်ချိန်မှသာ ကျနော်တို့အဖွဲ့ စိတ်လက်ပေါ့ပါးစွာဖြင့် အသက်ပြင်းပြင်း ရှုနိုင်ကြလေတော့သည်။