ကိုးကန့်အဖွဲ့ဟု လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) အဖွဲ့၏ ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ညီ ဦးဖုန်ကြားဖူး အသက် ၈၁ နှစ်သည် ယမန်နေ့ နံနက်ပိုင်းက မြန်မာ – တရုတ်နယ်စပ်တွင် အဆုတ် ရောဂါ ဖြင့် ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။
တပ်မတော်နှင့် ကိုးကန့်အဖွ့ဲတို့ကြား ၂၀၀၉ ခုနှစ် က တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ – တရုတ်နယ်စပ် တကျောတွင် ပုန်းရှောင် နေခဲ့ရသည့် ဦးဖုန်ကျားဖူးသည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိ၍ အနားယူနေခဲ့ ရာမှ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ကိုးကန့်၏ မဟာမိတ် ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA) ဘက်က ပြောသည်။
မိုင်းလားအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးကြည်မြင့် က “သမ္မတ ဦးသိန်းစိန် လက်ထက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ကတည်း က နားနေပြီ၊ ထိုင်းမှာနားတာ၊ ရောဂါဖြစ်ရင်းနဲ့ တရုတ်မှာလာကုတာ၊ ကုလို့မရတာနဲ့ မိုင်းလာမှာလာပို့တာ။ မိုင်းလားမှာပဲ ဆုံးတာ။ အအေးမိလို့ အဆုတ်ရောင်လာတယ်။ ရောင်လာပြီးတော့မှ နှလုံးအားကျသလိုဖြစ်သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဖုန်ကြားဖူးတွင် အိမ်ထောင်နှစ်ဆက်ရှိကြောင်း၊ ယခင်အိမ်ထောင်နှင့် သား တယောက်၊ သမီးတယောက် ထွန်းကားခဲ့ပြီး ကျန်ရစ်ခဲ့ကြောင်း၊ ဒုတိယ အိမ်ထောင်နှင့် သားသမီးမရှိခဲ့ကြောင်း ဆိုသည်။
ဖုန်ကြားဖူးသည် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ခေတ်တွင်သာမက လက်ရှိ မြန်မာ့ တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွားနေ သော MNDAA လက်ထက်အထိပါ စစ်ရေး၊ နိုင်ငံရေးပိုင်းတွင် အားထားရသူ တဦးဖြစ်ကြောင်း ဖုန်ကြားဖူး လက်အောက် တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသော ဦးအောင်ကျော်ဇော က ပြောသည်။
ဦးအောင်ကျော်ဇော က “အဆုတ်ရောဂါနဲ့ ဆုံးသွားတာ။ သူကတော့ ဆေးလိပ်သိပ်သောက်တယ်။ မပြတ်ဘူး။ သူ့အဆုတ် အခြေအနေက သိပ်ဆိုးတယ်။ ကျနော်သူနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတောင် တွေ့ခဲ့သေးတယ်။ ကျနော့်ကို သူပြောတာ တော့ MNDAA ရဲ့ဖွဲ့စည်းပုံမှာတော့ နာယက အကြံပေးပုံစံမျိုးပါ။ သူ့ကျန်းမာရေးအရ ထဲထဲဝင်ဝင် မလုပ်နိုင်ပေမယ့် တိုက် ပွဲ ကြီးတွေ၊ ဘာတွေမှာတော့ သူ့ကို အကြံအဉာဏ်တောင်းတာတွေ ဘာတွေရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဦးဖုန်ကြားဖူးသည် ၁၉၆၈ ခုနှစ် ကိုးကန့်ဒေသတွင် ဖွဲ့စည်းသော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ၌ အမှတ် ၄၀၄ ကိုးကန့် တပ်၏ ဒုတပ်ဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၁၉၇၀ ခုနှစ်တွင် အမှတ် ၄၀၄ နှင့် ၃၀၃ တို့ကို စုပေါင်း၍ အရှေ့ မြောက် စစ်ဒေသ ဖွဲ့စည်းရာတွင် အရှေ့မြောက် စစ်ဒေသ၏ ဒုတိယ စစ်ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ဟု ဆို သည်။
ထို့အပြင် ၁၉၇၁ ခုနှစ် မှ ၁၉၇၉ ခုနှစ်အထိ တပ်မဟာ (၈) ၏ တပ်မဟာမှူးအဖြစ် ထမ်းဆောင်ခဲ့သလို ၁၉၇၉ ခုနှစ်မှ ၁၉၈၅ အထိ တပ်မ (၄၈) တွင် စစ်ဦးစီးမှူးကြီးအဖြစ် လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင်တော့ ဗကပ မြောက်ပိုင်းဗျူရို၏ ဒုစစ်ဦးစီးမှူးကြီး အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည် ဟု သိရသည်။
၁၉၈၉ ခုနှစ် ကိုးကန့်အထူးဒေသ ဖွဲ့စည်းချိန်မှ စ၍ ၂၀၀၉ ခုနှစ် တပ်မတော်နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ချိန် အထိ ကိုးကန့် အထူးဒေသ (၂) တွင် စစ်ဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်ဟုလည်း ဆိုသည်။