ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းရှိ Honey Garment 1 အထည်ချုပ် စက်ရုံမှ အလုပ်သမား ရာနှင့်ချီ အလုပ်ထုတ်ခံရပြီး အလုပ်ရှင်နှင့် ညှိနှိုင်းမရသဖြင့် ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြီး ယင်းစက်ရုံရှေ့တွင် ဆန္ဒပြနေကြောင်း အလုပ်သမား များထံမှ သိရသည်။
အလုပ်သမားများကို နှုန်းထားပြည့်မီအောင် အလုပ်လုပ်ခိုင်းရာမှ စတင်ပြီး မပြေမလည်ဖြစ်ကာ အလုပ်ထုတ်ခံရခြင်း ဖြစ် ကြောင်း အလုပ်သမားကိစ္စရပ်များကို ကူညီ ဆောင်ရွက်ပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် အတွင်း ရေးမှူး ဦးနေဝင်းဦးက ပြောသည်။
ဦးနေဝင်းဦးက “အလုပ်ထုတ်ခံရတဲ့သူတွေကို ကျနော်တို့ အလုပ်သမား ဥပဒေအရ နစ်နာကြေး ပေးရမှာရှိပေမယ့် သူတို့က ဘာအကြောင်းပြလဲဆိုတော့ ကိုယ်တာမပြည့်လို့၊ ပြည့်အောင်မပေးလို့ ဆိုပြီးအကြောင်းပြတယ်။ သူတို့ တောင်းတာက မဖြစ်နိုင်တာ တောင်းသလိုဖြစ်နေတယ်” ဟု ပြောသည်။
အဆိုပါစက်ရုံမှ အလုပ်ထုတ်ခံရသည့် လုပ်သားစာရင်း အတိအကျကို တွက်ချက် မရသေးသော်လည်း နောက်ဆုံးစာရင်း ကောက်ယူမှုအရ ၃၇၄ ဦး အလုပ်ထုတ်ခံထားရကြောင်း သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်၏ ပရိုဂရမ် ဒါရိုက်တာ ဒေါ်မျိုးမျိုးအောင်က ပြောသည်။
ဒေါ်မျိုးမျိုးအောင်က “နို့တစ်စာပေးပြီး အလုပ် ထုတ်တယ်ဆိုတာက ကြီးလေးတဲ့ ပြစ်မှုတို့၊ သာမန်ပြစ်မှုတို့ အဲဒီလိုမျိုးတွေ ရှိတယ်။ အထည်အရေအတွက် ရတာ နည်းသွားတာက ကြီးလေးတဲ့ ပြစ်မှု မဟုတ်ဘူး။ သူပေးတဲ့ သတိပေးချက်ကို အလုပ်သမားက လက်မှတ်ထိုးလား ဆိုတော့လည်း မထိုးဘူး။ ရှင်းရှင်းပြောရရင်တော့ အလုပ်သမားကို လျော်ကြေး မပေးဘဲ ဖြုတ်ချင်တိုင်း ဖြုတ်လို့ရလို့ ဖြုတ်နေသလို ဖြစ်နေတယ်။ အဲဒါကြောင့် ကျမတို့က ဥပဒေမဲ့လို့ ပြောတာပါ” ဟု ဆိုသည်။
ဆက်လက်ပြီး “သူတို့က ၇၅၀ တောင်းတယ် ကလေးတွေက ၅၀၀ ပေးတယ်။ ၂၅၀ကွာနေတယ်ပေါ့။ ကလေးတွေကို ဘာဖြစ်လို့လဲလို့ မေးတော့ အခုပေးထားတဲ့ အော်ဒါက ပိုပြီးတော့ အပ်ပေါက်များတယ်တဲ့ ၁၃ ပေါက်လို့ ပြောတယ်။ နဂို ၁၀ ပေါက်တဲ့ ဒီဟာက ၁ နာရီအတွင်းမှာ ဘယ်လိုမှ အထည် ၇၅ ထည် မရနိုင်ဘူးတဲ့” ဟု ပြောသည်။
အဆိုပါ အလုပ်သမားများကို အလုပ်ခန့်ထားရန် မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့က ညှိနှိုင်းရာတွင် သတ်မှတ်ထားသည့် စံချိန်အတိုင်း အလုပ်သမားများက မပေးနိုင်လျှင် အလုပ်ပြန်မခန့်နိုင်ကြောင်း လုပ်ငန်းရှင်ဘက်က ပြောကြားရာမှ ညှိနှိုင်းမှု မပြေမလည် ဖြစ်နေကြသည်။
အဆိုပါ စက်ရုံတွင် အလုပ်ထုတ်ခံရသည့် အလုပ်သမားတဦးက “ညီမတို့ကတော့ မြို့နယ်မှာမှ ညှိလို့မရတာ တဆင့်ပြီး တဆင့်တော့ တက်သွားရမှာပေါ့။ အလုပ်ထုတ်ခံရတာကတော့ အခုထိတော့ ၃၀၀ ကျော်ပေါ့နော်။ နေ့တိုင်း ထုတ်နေ တာဆိုတော့ ပေါင်းရတာတော့ ခက်တယ်။ ထုတ်တဲ့ အကြောင်းပြချက်ကလည်း မတူဘူး။ အများစုကိုတော့ သူတို့ တောင်းတဲ့ အထည်ကို မပေးနိုင်လို့ ထုတ်တယ်ပေါ့။ တောင်းဆိုနေတာတွေက အထုတ်ခံထား ရတဲ့သူတွေ အကုန်လုံး အလုပ်ကို ပြန်ဝင်ဖို့ တောင်းဆိုနေတာပါ” ပြောသည်။
အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဇင်ပိုးအိက “အရင်တုန်းကဆိုရင် ညီမတို့ကို ၇၅၀ ချုပ်ခိုင်းတယ်။ ထမင်း စားချိန်ဆိုလည်း မနားရဘူး အပေါ့သွားချိန်ဆိုလည်း မသွားရဘူး။ နားချိန်မရှိဘဲ အသည်းအသန် ချုပ်ရတယ်။ တနာရီ်ကို ၇၅ ထည် ၁၀ နာရီဆိုတော့ ၇၅၀ ချုပ်ပေးရတယ်။ အခုနောက်ပိုင်း တောင်းဆိုတာကတော့ ဖြစ်နိုင်တဲ့ စံချိန်ကို သတ်မှတ် ပေးပါလို့ တောင်းဆိုတာကို မရဘူး” ဟု ပြောသည်။
“အရင်တုန်းက ညီမတို့ ချုပ်ပေးတယ်ဆိုတာက ချုပ်လုပ်မှု ဆုကြေး ၃သောင်း ပေးတယ်ပေါ့။ ထမင်းဖိုးတွေ ဘာတွေလည်း ပေးတယ်။ အဲဒီတုန်းကဆိုရင် လစာတွေက အများကြီး အခုနောက်ပိုင်းဆိုရင် အထည်ကသာ ပေးနေရတယ်။ အဲဒီလို ပိုက်ဆံတွေက လုံးဝမရတော့ဘူး။ သူတို့ဘက်က ပိုက်ဆံတွေ ဖြုတ်ချလိုက်တဲ့အတွက် လစာတွေလည်း နည်းသွားတယ်” ဟု ထပ်မံပြောသည်။
ဒေါ်မျိုးမျိုးအောင်က “ပြီးခဲတဲ့ စုပေါင်း တောင်းဆိုမှု ၇ ရက် ၄လ ၂၀၁၇ မှာ ချုပ်ထားတဲ့ စာချုပ်မှာဆိုရင် အပိုဒ် (ဈ) မှာ ဘာပါလဲဆိုရင် အလုပ်သမား မပေးနိုင်တဲ့ စံချိန်ကို အတင်းအဓမ္မ မတောင်းရဘူးဆိုပြီး ပါတယ်။ အဲဒီ စာချုပ်ပါ အချက်တွေကို လုပ်ငန်းရှင် ကိုယ်တိုင် ချိုးဖောက်တယ်။ ဒါပေမဲ့ လုပ်ငန်းရှင်က သူချိုးဖောက်တာတောင် ဂရုမစိုက်ဘူး။ သူ့ကိုယ်သူလည်း ချိုးဖောက် ပါတယ်ဆိုတာကို အသိအမှတ်မပြုဘူး” ဟု ပြောသည်။
ဆက်လက်ပြီး “အလုပ်ထဲကို ပြန်ဝင်ချင်တယ် ဟုတ်လား၊ ငါ ခန့်လို့ရတယ်။ ငါ့စည်းမျဉ်းစည်းကမ်းကို လိုက်နာရင် ပြန်ခန့် မယ်။ လျော်ကြေးလိုချင်တယ် ဟုတ်လား။ ငါ့မှာပိုက်ဆံရှိတယ် ပေးလို့ရတယ်။ အစိုးရက ပေးဆိုရင် ပေးလိုက်မယ် လုပ်ငန်းရှင်ဘက်က ဒါမျိုးတွေ ပြောတဲ့ အခြေအနေရှိလာတယ်” ဟု ဆိုသည်။
အလုပ်သမားများက လျော်ကြေးရယူရန်ထက် အလုပ်ပြန်လည်ရရှိရေးကိုသာ လိုလားပြီး လုပ်ငန်းခွင်သို့ ပြန်လည် ဝင် ရောက်နိုင်သည်အထိ ဆန္ဒပြမည့် အခြေအနေရှိကြောင်း ဆန္ဒပြရာတွင် အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိရေး၊ ဥပဒေမဲ့ အလုပ်ထုတ်မှု ရပ်တန့်ရေး၊ ခွဲခြားဖိနှိပ်မှု ရပ်တန့်ရေး စသည့်အချက်များကိုပါ အလုပ်သမားများက တောင်းဆို ဆန္ဒပြလျက် ရှိကြောင်း သိရသည်။