ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၄ ခုမှ စီမံကိန်းအတွက် သိမ်းဆည်းခံရမည့် လယ်မြေများကို ၁ ဧကလျှင် ကျပ်သန်း ၉၀ နှုန်းဖြင့် ပေးလျော်သင့်ကြောင်း ဒေသခံလယ်သမားများက ကျောက်ဖြူစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံ တင်ပြတောင်းဆိုထားကြောင်း ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
ကျောက်ဖြူမြို့နယ်ပိုင် သိုင်းချောင်း၊ ကပ်သပြေ၊ ချောင်းဝနှင့် ခန္ဒီ ကျေးရွာအုပ်စု ၄ ခုမှ လယ်သမား ၆၃ ဦးတို့သည် ဇွန်လ ၁၉ ရက်က ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် အထက်ပါ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဒေါက်တာစိုးဝင်းသည် ကျောက်ဖြူမြို့သို့ ဇွန်လ ၁၈ ရက်က ရောက်ရှိလာပြီး စီမံကိန်းအတွက် သိမ်းဆည်းခံရမည့် သက်ဆိုင်ရာကျေးရွာများကို သွားရောက်လေ့လာခဲ့သည်။
တရုတ်အစိုးရပိုင် CITIC အုပ်စုက ထိုရွာ ၄ ရွာပိုင် မြေ ဧက ၂၅၀ ကို ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ အစိတ်အပိုင်းအဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ CITIC အုပ်စုသည် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၅ ရွာက ပိုင်ဆိုင်သည့် စုစုပေါင်း မြေဧက ၄၃၀၀ ကို ကျောက်ဖြူစက်မှုဇုန်အဖြစ် ဖော်ဆောင်လုပ်ကိုင်ခြင်း ဖြစ်သည်။
လယ်သမားများက စီမံကိန်းအတွက် သိမ်းဆည်းခံရမည့် စားကျက်မြေ ၁ ဧကလျှင် ကျပ် သန်း ၇၀ နှင့် ကိုင်းကျွန်းမြေ ၁ ဧကလျှင် ကျပ်သန်း ၅၀ စီ တောင်းဆိုကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးသစ် ဦးရွှေလှအောင်က ပြောသည်။ သို့သော် ကျောက်ဖြူအထူးစီးပွားရေးဇုန် ကော်မတီက ထိုလျော်ကြေး နှူန်းထားများနှင့် ပတ်သက်ပြီး တစုံတရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိပေ။
ထိုစီမံကိန်းကြောင့် ထိခိုက်နစ်နာသူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ ကျေးရွာ ရွှေ့ပြောင်းမည်ဆိုပါက ထိုကျေးရွာအသိုင်းအဝန်း တခုလုံးကို ပြန်လည်နေရာချပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုရန်နှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးရန် စသည့် တောင်းဆိုချက်များကို ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းထံ ပေးအပ်ခဲ့ကြောင်း ဒေသခံတဦးဖြစ်သည့် လူမှုစီးပွားဖွံ့ဖြိုးမှု အသင်းဝင် ဦးခင်ညွှန့်က ဧရာဝတီကို ပြောသည်။
ဦးခင်ညွှန့်က “လယ်သမားတွေဆိုတာ တသက်လုံး စပါးစိုက်လို့ ရတယ်။ လယ်စိုက်တယ်ဆိုတာ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့အတွက် စပါးခင်းတွေဟာ တန်ဖိုးဖြတ်လို့ မရဘူး။ ဒါပေမယ့် စီးပွားရေး မလုပ်တတ် မကိုင်တတ်ရင် အဲဒီလျော်ကြေးရတဲ့ငွေတွေ အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်” ဟု ပြောသည်။
ကျောက်ဖြူစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် ဒေသခံတို့ တွေ့ဆုံဆွေးနွေးမှာ အချိန်တိုတောင်းပြီး ဒေသခံများဘက်က တောင်းဆိုမှုများ တင်ပြရန် ကျေးရွာဒေသခံ ကိုယ်စားလှယ်များကို အချိန်အနည်းငယ်သာ ပေးကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် ရွာသားများက ဥပဒေဆိုင်ရာ အခွင့်အရေး ရရှိရေးအတွက် အထူးစီးပွားရေးဇုန် နည်းဥပဒေကို ပြဋ္ဌာန်ပေးသင့်သည်ဟု ၎င်းက ဝေဖန်ပြောဆိုသည်။
ထို့အပြင် ကော်မတီက ထိုကျေးရွာများသို့ သွားရောက်ခဲ့ပြီး ရွာသားများအတွက် မဟာဗျူဟာစီမံချက် ရေးဆွဲမည်ဟု ကတိပေးခဲ့ကြောင်း ဦးခင်ညွန့်က ဆက်ပြောသည်။ “ကျနော်တို့က ဥပဒေဘောင်ထဲက အကာအကွယ် လိုချင်တာ။ ကော်မတီရဲ့ နှုတ်ကတိစကားကို လိုချင်တာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူ လယ်သမားများ၏ မြေလျာလျော်ကြေး တောင်းဆိုမှုနှုန်းထားမှာ ဈေးကြီးလွန်းနေပြီး ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ မြေယာပေါက်ဈေးနှုန်ထက် ပိုများနေသည်ဟု လေ့လာစောင့်ကြည်သူတချို့က ထောက်ပြပြောဆိုကြသည်။
ရခိုင်ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက “ကျနော်တို့က ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်တွေနဲ့ ပြန်လည်နေရာချထားရေး စီမံကိန်း ရေးဆွဲနေဆဲပါ။ လယ်သမားတွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ လျော်ကြေးပေးသွားမှာပါ” ဟု ပြောသည်။
ကျောက်ဖြူစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် ဒေသခံလယ်သမား ၆၃ ဦးတို့ ဇွန်လ ၁၉ ရက်က တွေ့ဆုံကြသည့်ပွဲသို့ လူမှုအခြေပြု အဖွဲ့အစည်းများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းထောက်များကို ဖိတ်ကြားခဲ့ခြင်း မရှိပေ။
ထိုတွေ့ဆုံမှုနှင့် ပတ်သတ်ပြီး ရခိုင်အမျိုးသားပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက “အာဏာပိုင်တွေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒေသခံ ကိုယ်စားလှယ်တွေကို အစည်းအဝေး ဖိတ်ကြားသင့်တယ်။ ပြီးရင် ဆွေးနွေးချက်တွေကို လူထုအတွက် ထုတ်ပြန်သင့်တယ်။ ကုမ္ပဏီတွေက ဒေသခံတွေကို ငွေလေး နည်းနည်းပါးပါးပေးပြီး ရွာကို အပျက်အစီးတွေနဲ့ ထားခဲ့တာမျိုး မလိုချင်ဘူး” ဟု ပြောသည်။
ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းက “ CSOs တွေကို နောက်မှ ဖိတ်မှာပေါ့။ တကယ်လုပ်တဲ့ လူတွေပဲ အရေးကြီးတာလေ။ CSOs တွေက ဘာလုပ်မှာလဲ၊ ဘာမှ မဆိုင်ဘဲနဲ့။ တကယ့်လယ်ပိုင်ကြတဲ့သူတွေက သူတို့လိုချင်တဲ့ဟာကို ပြောခွင့်ဆိုခွင့် ကျနော်တို့ပေးတယ်လေ” ဟု ဆိုသည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက CITIC အုပ်စု အကြီးအကဲ ချန်ဇန်မင်းသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အလားတူ တရုတ်အရာရှိ ဝမ်ယာဂျင်သည် ကျောက်ဖြူမှ ဒေသခံ စီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံခဲ့ပြီး အထူးစီးပွာရေးဇုန်ကို နှောင့်နှေးမှုမရှိဘဲ အမြန်စတင်လိုကြောင်း ထုတ်ဖော်ပြောဆိုထားသည်။