နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံထားသည့် ဒီမိုကရေစီနိုင်ငံ တွင် နိုင်ငံရေး အကျဉ်းသားမရှိသင့် ဟူသော အမြင်အရ လက်ရှိ အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသား အားလုံးတယောက်မကျန် လွှတ်ပေးရန် အစီအစဉ် ရှိမရှိ ယနေ့ ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်မေးမြန်းခဲ့သည်။
မေးခွန်းရှင်ဖြစ်သည့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် က “ နိုင်ငံရေးအကျဉ်းသားများဟာ နိုင်ငံတော် ရဲ့ရန်သူများလည်း မဟုတ်ပါဘူး ။ အာဏာရှင်အစိုးရများအတွက် ရန်သူများတော့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ် ။ အမှန်က ဒီမိုကရေစီနိုင်ငံ ထူထောင်ရာမှာ အဆိုပါ ပုဂ္ဂိုလ်များ က ပူးပေါင်းပါဝင်ရမှာဖြစ်ပါတယ်”ဟု လွှတ်တော်အစည်းအဝေး တွင်ပြောဆိုခဲ့ခြင်းဖြစ်သည်။
အကျဉ်းထောင်နှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ တခုမှနေ၍ လက်ရှိအခြေအနေတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၈၀ကျော် နှင့် တရားစွဲခံထားရသူ ၁၀၀ကျော် ရှိနေသည်ကို သိရှိခဲ့ရကြောင်း ဦးကျော်ကျော်က လွှတ်တော်သို့တင်ပြသည်။
ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံရေး အကျဉ်းသားဟူ၍ သီးခြားဆောင်ရွက်ခြင်းမရှိပဲ လွတ်ငြိမ်း ချမ်းသာခွင့်ပြုခြင်းနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ အရ နိုင်ငံတော်သမ္မတ က သင့်လျော် သည့် အချိန်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအစိုးရလက်ထက် လွတ်ငြိမ်းချမ်းသာခွင့် ၅ ကြိမ်၊ အကျဉ်းသား ဦးရေ ၁၀၀နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ကြိုဆိုသော အားဖြင့် နိုင်ငံသား အကျဉ်းသား ၁၈၆ ဦး၊ နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပြီးဖြစ်သည်ဟု လွှတ်တော်တွင်ဖြေကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက “လက်ရှိအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်း သားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုဖို့ အစီအစဉ်မရှိသေးဘူး လို့ ဖြေကြားထားပါတယ်။ ကျနော်တို့ လက်ရှိ ဆောင်ရွက်နေတာကတော့ တည်ဆဲဥပဒေချိုးဖောက်မှု အပေါ်မှာပဲ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်၊ နိုင်ငံရေး ပြစ်မှု ဆိုတဲ့ အဓိပ္ပါယ်နဲ့ စီစဉ်ဆောင်ရွက်မှု တွေ လတ်တလော မရှိသေးပါဘူး ”ဟု လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများသို့ပြောသည်။
မေးခွန်းရှင်ဦးကျော်ကျော်ကမူ ပြည်ထဲရေးဝန်ကြီးဌာန၏ ဖြေကြားချက် မှာ မေးခွန်းကို တိုက်ရိုက် ဖြေကြားသွားခြင်းမဟုတ်ပဲ နိုင်ငံရေး အကျဉ်းသား သတ်မှတ်ချက် မရှိသေးကြောင်း ပေါ်လွင်အောင် ဖြေဆိုခြင်းသာ ဖြစ်သည်ဟု အစည်းအဝေးအပြီး မီဒီယာများသို့ပြောသည်။
နိုင်ငံရေးအကျဉ်းသားဆိုသည်မှာ အစိုးရ အဆက်ဆက်တွင် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ရပ် များ ဆောင်ရွက်တဲ့အတွက် အစိုးရက မကျေနပ်၍ ဖမ်းဆီးအကျဉ်းကျခြင်းခံထားရသည့် ပုဂ္ဂိုလ်များ သာဖြစ်ကြောင်း ပြည်သူက လက်ခံထားသည်ဟု လည်း ဦးကျော်ကျော်ကပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုုင် က NLD ပါတီဥက္ကဌ ဖြစ်စဉ်က ဒီမိုကရေစီနိုင်ငံထူထောင် တဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ တစ်ယောက်ကျန်ရင်တောင်မှ များလွန်းနေပြီ ဟု ပြောဆို ခဲ့ဖူးကြောင်း ၊ နိုင်ငံရေး နှင့် ပတ်သက်သမျှ လူအားလုံးကို လွတ်မြောက်စေချင်သည့် အတွက် ယခုမေးခွန်းကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်ကျော်ကအစည်းအဝေးအပြီးမီဒီယာများ သို့ပြောသည်။
ဦးကျော်ကျော်က “ ဒီနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်မှာလည်း အာဏာအပြည့်အဝရှိတယ်။ သမ္မတအထက်ကနေပြီးတော့တောင် လုပ်နိုင်တဲ့အဆင့်ရှိတယ် ဆိုတော့ ဒီသမ္မတရော၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရော ညှိနှိုင်းပြီးမှ ဒါကို ဒီသက်တမ်းလက်ထက်မှာ ဖြစ်အောင်ကို တစ်ယောက်မကျန်လွှတ်ပေးရမယ်ဆိုတာ ကြိုးစားဖို့ သူ့မှာ အခွင့်အရေး အများကြီးရှိတယ်။” ဟု ပြောသည် ။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် နိုင်ငံရေး အကျဉ်းသားအဓိပ္ပါယ်ဖွင့်ဆိုရန် ကော်မတီဖွဲ့စည်း ဆောင် ရွက်ခဲ့သော်လည်း လုပ်ငန်းစဉ်ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိချေ ။ လက်ရှိ ကျင်းပနေ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများ တွင် တက်ရောက် နေသည့် လွှတ်တော်ကိုယ်စားလှယ် များ ထဲတွင် နိုင်ငံရေး အကျဉ်းသား လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၁၂၀ကျော်ရှိကြောင်း ကိုယ်စားလှယ်တဦးမှ လွှတ်တော်သို့တင်ပြဖူးသည်။