မွန်ပြည်နယ် အစိုးရအဖွဲ့ ဦးဆောင်၍ ကျပ် ၅ ဘီလီယံ တန်ဖိုးရှိသည့် တန်ဖိုးနည်း/သင့် အိမ်ရာ စီမံကိန်း တခုကို ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် လူဝင်မှု ကြီးကြပ် ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏကျော်က ယနေ့ ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်တွင် ပြောကြားသည်။
ဦးဝဏ္ဏကျော်က “ရောင်းချဖို့ အတွက်ကတော့ အသေးစိတ် မဆွေးနွေးရသေးဘူး၊ လတ်တလောမှာတော့ တည်ဆောက် ရေး အပိုင်းကိုပဲ အလေးထားသွားမှာပေါ့။ အားလုံးပြီးတော့မှပဲ အစိုးရအဖွဲ့က ရောင်းချရေး အပိုင်းကို ပြည်လည် စဉ်းစား ဆုံးဖြတ်မယ်။ ၂၀၁၈ မတ် ၃၁ မတိုင်မီ အပြီးဆောင်ရွက်သွားရမယ်” ဟု ရှင်းပြသည်။
ထိုစီမံကိန်းကို ကနဦး၌ မော်လမြိုင်မြို့နယ်ရှိ မင်းရွာ၌ ဆောက်လုပ်ရန် လျာထားခဲ့သော်လည်း မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဇွန်လ ၂၀ ရက်နေ့ ကက်ဘိနက် အစည်းအဝေးတွင် ယင်းနေရာအစား သွားရေးလာရေး ပိုမို အချက်အချာကျသည့် မော်လမြိုင် – မုဒုံ ကားလမ်းမကြီးဘေးရှိ ကြာအင်းရွာ၌ ပြောင်းရွှေ့ ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကာ လွှတ်တော်တွင် သိရှိ မှတ်တမ်းတင်နိုင်ရန် ဝန်ကြီးက တင်ပြခဲ့ခြင်း ဖြစ်သည်။
ကနဦး လျာထားသည့် မင်းရွာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းသည် မြေဧရိယာ ၄၄ ဧက ပေါ်တွင် အခန်းပေါင်း ၂၄၃၂ ခန်း ပါရှိမည့် စီမံကိန်း ဖြစ်ကာ အခန်း အကျယ်အဝန်းမှာ ၃၂၄၊ ၄၀၀ နှင့် ၆၀၀ စတုရန်းပေ စသည်ဖြင့် အမျိုးအစား သုံးမျိုး သတ်မှတ်ထားပြီး ပြည်သူပေါင်း ၁သောင်းခန့်အား နေစရာ ဖန်တီးပေးနိုင်မည်ဟုလည်း ထိုစဉ်၌ ဦးဝဏ္ဏကျော်က ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိတွင် ကြာအင်းကျေးရွာသို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
ကြားအင်း ကျေးရွာ၌ တည်ဆောက်မည့် အိမ်ရာစီမံကိန်းသည် မြေဧရိယာ ၂၁ ဒသမ ၁၆ ဧကပေါ်တွင် ဆောက်လုပ် သွားမည် ဖြစ်ကာ လူနေအိမ်ခန်း တခန်းလျှင် ၆၀၀ နှင့် ၆၅၀ စတုရန်းပေ အကျယ်အဝန်း ဆောက်လုပ်သွားရန် ဒီဇိုင်း ရေးဆွဲထားပြီး အခန်းပမာဏ အတိအကျကိုမူ ဝန်ကြီးက ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။
မွန်ပြည်နယ် အစိုးရ အနေဖြင့် ယင်းအိမ်ရာစီမံကိန်း တည်ဆောက်ရေးကို ပုဂ္ဂလိက ကုမ္ပဏီသို့သာ တင်ဒါခေါ်ယူ၍ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်စေရန် မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ဇွန်လ ၂၁ ရက်နေ့၌ ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်တွင် ဆွေးနွေး ခဲ့သော်လည်း ယင်းဆွေးနွေးချက်အား မွန်ပြည်နယ် အစိုးရက သဘောမတူခဲ့ပေ။
ဦးထွန်းမင်းအောင်က “အိမ်ရာ စီမံကိန်းလုပ်တာ သဘောကျတယ်။ ဒါပေမယ့် ဒီအိမ်ရာဆောက်တဲ့ ၅ ဘီလီယံ (ကျပ်သန်း၅ထောင်)ဟာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကပဲ ရယူ သင့်ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီကို တင်ဒါခေါ်ပြီးတော့ ဆောက်သင့်တယ်။ နေရာပြောင်းရွှေ့တာတော့ အစိုးရက အဆင်ပြေမယ့် နေရာ ပြောင်းရွှေ့လို့ ရပါတယ်” ဟု ဦးထွန်းမင်းအောင်က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ဦးဝဏ္ဏကျော်က “အဓိကက ကျနော်တို့က တန်ဖိုးနည်းနဲ့ တန်ဖိုးသင့်ကို ပြည်သူကို ပေးချင်တာဆိုတော့ ကန်ထရိုက်နဲ့ သွားရင် အမြတ်ငွေက ဆောင်ရပြီ ဆိုတော့ တန်ဖိုးက တက်သွားပြီလေ။ အဓိက အစိုးရ အနေနဲ့ စီမံခန့်ခွဲပြီး ဆောက် လုပ်ခြင်းသည် ပြည်သူအနေနဲ့ သက်သာအောင်လို့ စီမံခန့်ခွဲ ပေးတာပါ” ဟု ထိုအိမ်ရာ စီမံကိန်းအား ဦးဆောင် ဆောက် လုပ်ရသည့် အကြောင်း ရှင်းလင်း ပြောကြားသည်။
ထိုတန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာ စီမံကိန်း ဆောက်လုပ်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ဒေသန္တရ စီမံကိန်း၌ ဘတ်ဂျက်ကို လျာထား တွက်ချက်ထားပြီး ပြည်နယ်လွှတ်တော်က အတည်ပြု ထားခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်၌ မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်၍ ဘဏ်ချေးငွေ ရယူကာ မော်လမြိုင်မြို့ သိရိမင်္ဂလာ ရပ်ကွက်ရှိ စည်ပင်သာယာပိုင်မြေ ၂ဧက ပေါ်တွင် ကျပ်သိန်း ၁၂၀ မှ ၁၃၅ အထိ ကျသင့်သည့် တန်ဖိုးနည်း အိမ်ရာ အခန်း ၁၆၀ ခန့် ဆောက်လုပ်ကာ ဝန်ထမ်းများနှင့် ပြည်သူများအား ရောင်းချ ပေးခဲ့ပြီး ဖြစ်သည်။ ဤစီမံကိန်းသည် မွန်ပြည်နယ် အစိုးရ ဦးဆောင် ဆောက်လုပ်သည့် ပထမဦးဆုံးသော တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်းတခု ဖြစ်သည်။