မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ဒုတိယ အများဆုံးဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် ယနေ့အထိ သွေးလွန် တုပ်ကွေး ရောဂါဖြင့် ကွယ်လွန်သူ ၁၂ ဦး ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရထံမှ သိရသည်။
ရခိုင်ပြည်နယ်၏ မြို့နယ် ၁၇ မြို့နယ်စလုံးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားလျက်ရှိပြီး မြို့ရောတောပါ မကျန် ဖြစ်နေ ကြောင်း၊ ဇွန် ၂၁ ရက်အထိ စာရင်းများအရ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ၉၇၅ ဦးအနက် ၁၂ ဦး သေဆုံးသွားပြီ ဖြစ်ပြီး အသက်အငယ်ဆုံး ၂ နှစ် ၄ လမှ အသက်အကြီးဆုံး ၅၉ နှစ်အထိ ပါဝင်ကြောင်း ရခိုင်ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ ချမ်းသာက ဧရာဝတီကို ပြောသည်။
“ဒီနေ့ထိ သိရတဲ့စာရင်းအရ ကျနော်တို့ ရခိုင်ပြည်နယ် အားလုံး ၁၇ မြို့နယ်ရှိတယ်။ ခု ၁၇ မြို့နယ်စလုံးမှာ သွေးလွန်တုပ် ကွေးရောဂါဖြစ်နေပါပြီ။ မြို့ရောတောရော ဖြစ်နေပါပြီ။ ရန်ကုန်တိုင်းပြီးရင် ဒုတိယအများဆုံးက ကျနော်တို့ဖြစ်နေပြီ” ဟု ၎င်းက ဆိုသည်။
၂၀၁၆ တွင် ရခိုင်ပြည်နယ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၅၇ ဦးအနက် ၇ ဦး သေဆုံးခဲ့ပြီး ယခုနှစ် နှင့် နှိုင်းယှဉ်ပါက ရာသီအစတွင်ပင် နှစ်ဆနီးပါး မြင့်တက်နေပြီဖြစ်ကြောင်း၊ မြို့နယ် ၁၇ မြို့နယ်အနက် မင်းပြား၊ တောင်ကုတ်၊ ကျောက် တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေမြို့တို့တွင် အများဆုံး ဖြစ်ပွားလျက်ရှိကြောင်းလည်း ဒေါက်တာ ချမ်းသာ က ရှင်းပြသည်။
ဝန်ကြီး ဒေါက်တာ ချမ်းသာက “ဒီသွေးလွန်တုပ်ကွေး ရောဂါဟာ တကယ်တော့ ပြည်သူအားလုံးက ပူးပေါင်း ဆောင်ရွက်မှ အောင်မြင်မယ့် ရောဂါဖြစ်ပါတယ်။ နောက်တခုက ပိုးလောက်လန်း နှိမ်နင်းရေးက အရေးကြီးပါတယ်။ ဒါကလည်း အုန်းမုန့် ခွက်တို့၊ တာယာတို့ထဲမှာ ဝင်နေတဲ့ရေတွေကို သွန်ပစ်လိုက်ရင် ဖြစ်တာပါ။ တကယ်တော့ အိမ်တိုင်းအိမ်တိုင်းက ကိုယ့် အိမ် ပတ်ဝန်းကျင်မှာရှိတဲ့ လောက်လန်းတွေကို နှိမ်နင်းလိုက်ရင်ကို ဒီဟာ ကာကွယ်ပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသည့် ခြင်များ မပေါက်ပွားစေရန် ပိုးလောက်လန်း ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို ကျန်းမာရေးဌာနမှ သားဖွားဆရာမများ၊ မြို့နယ်ဆရာဝန်များနှင့်အတူ မြို့နယ် စည်ပင် ဝန်ထမ်းများကလည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောသည်။
“ကျန်းမာရေးဌာနကလာပြီး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်တာတွေရှိတယ်။ အသိပညာဟောပြောပွဲတွေ လာလုပ်ပါတယ်။ ဒါပေ မယ့် ကျေးရွာတွေမှာတော့ ကြိုတင်ပြင်ဆင်မှု အားနည်းချက်တွေရှိတယ်။ ဖြစ်ပြီးမှ အသိပညာပေးမှုတွေ၊ ကွင်းဆင်းပြီး သွေးလွန်တုပ်ကွေးဖြစ်တဲ့အိမ် ကိုက် ၁၀၀ အတွင်းမှာ ဆေးဖြန်းတာမျိုးတွေ လုပ်ပါတယ်။ ဌာနဘက်က ကျနော်တို့နဲ့တွေ့ တဲ့အခါ ဝန်ထမ်းအင်အားနည်းတဲ့အတွက် ပြည်သူကဘက်က ပူးပေါင်းပါဝင်ဖို့ ပြောပေမယ့် ပြည်သူကလည်း စားဝတ်နေ ရေးအတွက် ရုန်းကန်နေရတော့ ပူးပေါင်းပါဝင်မှု အားနည်းတာမျိုးတွေ ရှိတယ်” ဟု ကျောက်တော် ဒေသခံတဦးဖြစ်သူ ဦးမောင်မောင်က ပြောဆိုသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံးဖြစ်နေသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံး မှုမှာ ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၈ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိနေပြီး ၂၀၁၇ ခုနှစ်အတွင်း မေလအထိ သွေးလွန် တုပ်ကွေး ဖြစ်ပွားသူ ၁၄၇၇ ဦးအနက် ၈ ဦး သေဆုံးသွားခဲ့ကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်ချက်များအရ သိရသည်။