သတင်း

ကလေးလုပ်သားများကိုကာကွယ်ပေးနိုင်မည့် ဥပဒေထွက်ပေါ်ရေး ဆောင်ရွက်နေ

လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေသည့် ကလေးလုပ်သားများကို အကာအကွယ်ပေးနိုင်မည့် ခေတ်နှင့်လျော်ညီသည့် အလုပ်သမား ဥပဒေများ ထွက်ပေါ်လာရန် လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

“အသက်မပြည့်သေးတဲ့ ကလေးတွေကို အလုပ်သမားအဖြစ် ခိုင်းလို့မရပေမယ့် တိုင်းပြည်ရဲ့အခြေအနေအရ လက်ရှိမှာ ကလေးလုပ်သားတွေ အများကြီးပါ။ အဲဒါကြောင့် အလုပ်မလုပ်ရင်မဖြစ်တဲ့ အခြေအနေမှာရှိနေတဲ့ ကလေးလုပ်သားတွေကို ဘယ်လိုကာကွယ်ပေးမလဲဆိုတာ အရေးကြီးတယ်။ အခြေအနေ၊ အချိန်အခါအလိုက် ဥပဒေတွေကို လိုက်ပြီးပြင်ဖို့ လိုအပ်ပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

ဇွန်လ ၂၁ ရက်က မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း(ILO) တို့ ပူးပေါင်းကျင်းပသည့် အလုပ်သမားဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ILO ၏ အကြံပြုထုတ်ပြန်ချက်တွင် ကလေးလုပ်သား အသုံးပြုခြင်းကို ဥပဒေဖြင့် တားမြစ်ကန့်သတ်နိုင်ပြီး အလုပ်ခွင် ဝင်ရောက်နိုင်သည့် အငယ်ဆုံးအသက်အရွယ်ကို မြန်မာနိုင်ငံက အတည်ပြုရေးထိုးခြင်း မပြုလုပ်ရသေးသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလုပ်ခွင်ဝင်နိုင်သည့် တရားဝင် အငယ်ဆုံးအသက်ကို ၁၄ နှစ် အဖြစ် ခြွင်းချက် ထားရှိသည်။

ILO ပြဌာန်းချက် အမှတ် – ၁၈၂ အရ နိုင်ငံတော်အစိုးရက အလုပ်ရှင်အလုပ်သမား အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ပြီး အသက် ၁၈ နှစ်အောက် ကလေးသူငယ် အားလုံးအတွက် တားမြစ်ထားသည့် ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် လုပ်ငန်းခွင် စာရင်းများကို ပြုစုထုတ်ဝေရန် အကြံပြုထားသည်။

ILO ၏ အကြံပြုချက်တွင် ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ (သို့) လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု အတွက် အကာအကွယ်မဲ့စေသည့်အလုပ်၊ မြေအောက်ရေအောက်နှင့် အန္တရာယ်ရှိသော မြင့်မားသည့်နေရာများ (သို့) ပိတ်လှောင်ထားသော နေရာများ၊ အန္တရာယ်ရှိသော စက်ယန္တရား၊ ကိရိယာ တန်ဆာပလာများနှင့် (သို့) လူအားဖြင့် တင်ချသယ်ယူ ပို့ဆောင်ရသော လေးလံသည့်ဝန်စည်များ ပါဝင်သည့်လုပ်ငန်း၊ ကျန်းမာရေးနှင့် မညီညွှတ်သည့် နေရာများတွင် လုပ်ကိုင်ရသည့် အလုပ်များ၊ အချိန်ကြာမြင့်စွာ လုပ်ရသည့် အလုပ်များသည် ကလေးလုပ်သားများ ရှောင်ရှားရမည့် အန္တရာယ်ရှိသည့် လုပ်ငန်းခွင်စာရင်းတွင် ထည့်သွင်းပြုစုရန် တိုက်တွန်းထားသည်။

ဆင်းရဲမွဲတေမှုသည် ကလေးလုပ်သားဖြစ်စေသည့် အဓိကအကြောင်းရင်း တခုဖြစ်ပြီး စိုက်ပျိုးရေးကဏ္ဍနှင့် ပုံစံတကျ ဖွဲ့စည်းထားခြင်း မဟုတ်သည့် စီးပွားရေးလုပ်ငန်းများတွင် ကလေးလုပ်သား အများအပြား ရှိနေသည်ဟု ILO က ထုတ်ပြန်ထားသည်။

၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် အလုပ်သမားဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေးလုပ်သားဦးရေ ၁.၁ သန်းကျော်ရှိပြီး ၎င်းတို့သည် အသက် ၅ နှစ်မှ ၁၇ နှစ် အတွင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကလေးလုပ်သားများအတွက် သီးသန့်ဥပဒေ မရှိသေးဘဲ ဆက်နွယ်နေသည့် ဥပဒေများဖြစ်သော ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေ၊ ၂၀၁၄ ခုနှစ် ပညာရေး ဥပဒေနှင့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေတို့ ဖြစ်ကြောင်း ILO က ပြောသည်။

ထို့အခြေအနေများကြောင့် ကလေးလုပ်သားများအတွက် အခြေခံလုပ်ခလစာ၊ ပညာသင်ကြားခွင့်နှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ တက်ရောက်သင်ကြားခွင့်စသည့် အခွင့်အရေးများ ရရှိနိုင်ရန်အတွက် အမှန်တကယ် အထောက်အကူပြုသည့် ဥပဒေများပြဌာန်းရန် လိုအပ်ဆဲဖြစ်သည်ဟု ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ဆိုသည်။

ILO ၏ ဆက်သွယ်ညှိနှိုင်းရေးအရာရှိ မစ္စတာရိုရီက ILO မျှော်မှန်းချက်တွင် ဥပဒေပြုရေးပါရှိပြီး မြန်မာနိုင်ငံတွင် ကလေးလုပ်သား၊ ရွှေ့ပြောင်းလုပ်သား၊ အမျိုးသမီးနှင့် မသန်စွမ်းသူများကို လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုနှင့် လုပ်အားခ ခေါင်းပုံဖြတ်မှုများ ပပျောက်စေရေးအတွက် ILO ၏ အဓိကလုပ်ငန်းကဏ္ဍ ၄ ခုတွင် ထည့်သွင်းဆောင်ရွက် နေသည်ဟု ပြောသည်။

ခေတ်နှင့်လျော်ညီသည့် အလုပ်သမားဥပဒေများ ထွက်ပေါ်လာရန် အစိုးရ၊ သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ရည်ရွယ်၍ မန္တလေးမြို့တွင် MRCCI အသင်းနှင့် ပူးပေါင်း၍ အလုပ်သမားဆိုင်ရာ တည်ဆဲဥပဒေများ သိရှိစေရန် သင်တန်းပေးခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းတို့ကို ယခုနှစ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Loading