သတင်း

ပဋိပက္ခအတွင်းအကြမ်းဖက်ခံရသူ အမျိုးသမီးများ တရားမျှတမှုရှိရေး စိန်ခေါ်မှုရှိနေဆဲ

Want create site? Find Free WordPress Themes and plugins.

ပဋိပက္ခဒေသများတွင် အကြမ်းဖက်မှုမှ ရှင်ကျန်လွတ်မြောက်လာသူ အမျိုးသမီးများအတွက် တရားမျှတမှုရရှိရန် လက်လှမ်းမမီသေးကြောင်း အမျိုးသမီး အခွင့်အရေး ဦးဆောင်လှုပ်ရှားသူများက ပြောဆိုသည်။

ပဋိပက္ခအတွင်း အကြမ်းဖက်ခံရသူများအား တရားမျှတမှုရရှိရေးတွင် စိန်ခေါ်မှုများ ရှိနေပြီး၊ အဓမ္မပြုကျင့်ခဲ့သူများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရနေခြင်းကို အဆုံးသတ်ပေးရန် ဇွန်လ ၁၉ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုပပျောက်ရေးနေ့ အခမ်းအနားတွင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ် အမျိုးသမီးကွန်ရက် တည်ထောင်သူနှင့် ကချင်ပြည်နယ်အခြေစိုက် Htoi Gender and Development Foundation မှ ဒေါ်နန်ပူက ပဋိပက္ခဒေသများတွင် အကြမ်းဖက်မှုမှ ရှင်ကျန်လွတ်မြောက်လာသူ အမျိုးသမီးများအတွက် တရားမျှတမှုရရှိရန် လက်လှမ်းမမီသေးကြောင်း ငြိမ်းချမ်းရေးအတွက် ကျား၊မတန်းတူရေး မဟာမိတ်အဖွဲ့ Alliance for Gender Inclusion in the Peace Process (AGIPP)က ဦးဆောင်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲတွင် ပြောဆိုသည်။

“ကျူးလွန်သူတွေကို အရေးမယူဘဲထားတာဟာ အဓမ္မပြုကျင့်ခွင့် ပေးထားတာနဲ့ အတူတူပါပဲ။ ပြည်နယ်ထဲမှာ အမျိုးသမီးအားလုံးအတွက် လုံခြုံမှု မရှိဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော်သားများက အဓမ္မပြုကျင့်သောအခါ ပြစ်ဒဏ်ကင်းလွတ်နေဆဲ ဖြစ်ကြောင်းနှင့် သတင်းပို့ တိုင်ကြားခြင်း မပြုလုပ်ရန် ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏မိသားစုများကို ကျူးလွန်သူများက ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဒေါ်နန်ပူက ဆက်ပြောသည်။

ပဋိပက္ခအတွင်း အဓမ္မပြုကျင့်ခြင်းကို လက်နက်အဖြစ် ဆက်လက်အသုံးပြုနေဆဲ ဖြစ်ကြောင်းနှင့် အဓမ္မပြုကျင့်ခြင်းသည် အမျိုးသမီးများကို လုံခြုံမှုကင်းမဲ့စေပြီး လွတ်လပ်စွာသွားလာနိုင်ခွင့်ကို အကန့်အသတ်ဖြစ်စေသောကြောင့် တိုးတက်မှုပါ နှောင့်နှေးစေသည်ဟု ၎င်းက ပြောသည်။

ထို့အပြင် အဓမ္မပြုကျင့်ခံရမှုများကို အစဉ်အလာပုံစံဖြင့် ဖြေရှင်းနေမှုကလည်း တရားမျှတမှု လမ်းကြောင်းတွင် အဟန့်အတား ဖြစ်စေပြီး၊ အဓမ္မပြုကျင့်ခံရသူ အများစုနှင့် ၎င်းတို့၏မိသားစုများက ဘာသာရေးခေါင်းဆောင်များနှင့် ရိုးရာလူကြီးများထံမှ လမ်းညွှန်မှုတောင်းခံလေ့ ရှိကြပြီး၊ လျော်ကြေးငွေ ကျပ် ၂ သိန်းနှင့် ကြက်ကောင်ရေ အနည်းငယ်မျှဖြင့် ကျေအေးလိုက်ရသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာခဲ့ရသည်ဟု ဒေါ်နန်းပုက ဆိုသည်။

ထိုသူများသည် တရားရုံးစရိတ်နှင့် အမျိုးသားအရာရှိ အများစုရှိနေကြသည့် ရဲစခန်းများတွင် ဖြေကြားပြောဆိုရခြင်းက ၎င်းတို့ကို အဟန့်အတား ဖြစ်ပေါ်စေသဖြင့် အမှုကို တရားဝင် တရားရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း မပြုတော့ဘဲ ဘာသာရေး ခေါင်းဆောင်များထံတွင် ဆုတောင်းခံခြင်း၊ လျော်ကြေးအနည်းငယ်ဖြင့် ကျေအေးခြင်းများ ရှိနေကြသည်ဟု ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ် အမျိုးသမီးရေးရာကော်မတီဝင်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ရှမ်းပြည်နယ်ရှိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအများစု၌ တပ်မတော်မှ စစ်သားများတွင် တာဝန်ရှိသော်လည်း ၎င်းတို့ကို ဖမ်းဆီးမှု မရှိကြောင်းနှင့် ကျူးလွန်သူကို အရေးယူသည့် အခါတွင်လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း ထောက်ပြပြောဆိုသည်။

အဓမ္မပြုကျင့်မှုများသည် ပဋိပက္ခဒေသများတွင် ပိုမိုများပြားကြောင်းနှင့် ထိုဒေသများမှ အမျိုးသမီးများကို လိင်ပိုင်းအကြမ်းဖက်ခံရမှုများမှ ကာကွယ်ပေးနိုင်ရန် သီးခြားဥပဒေတခု အမြန်လိုအပ်နေသည်ဟု ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အမျိုးသမီးရေးရာကော်မတီ ဥက္ကဌဒေါ်နန်းဆေးအွာက ပြောသည်။
.
ပဋိပက္ခဒေသများတွင် လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြိုတင်ကာကွယ်၊ တားဆီးမှု အစီအစဉ်များနှင့် မူဝါဒများကို အားပေးရန်၊ အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍများ အပါအဝင်၊ နိုင်ငံ၏ အဓိကကျသည့် ဆုံးဖြတ်ချက်များ ချမှတ်သည့်အဆင့်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကဏ္ဍများတွင် အမျိုးသမီးများ ပိုမိုပါဝင်လာခြင်းဖြင့် ပဋိပက္ခဒေသများတွင် အမျိုးသမီးများကို လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ကြိုတင်ကာကွယ်၊ တားဆီးမှု အစီအစဉ်များနှင့် မူဝါဒများ ပိုမိုထွက်ပေါ်လာမည်ဟု ဒေါ်နန်းဆေးအွာက ဆက်ပြောသည်။
.
ထိုအခမ်းအနား၌ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်အားလုံးတွင် အမျိုးသမီးဦးရေ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်စေရေး၊ အမျိုးသမီများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅ နှင့် ၁၈၂၀ တို့ကို အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများက အကောင်အထည်ဖေါ်ပေးရေးနှင့် ပဋိပက္ခဒေသများမှ လိင်အကြမ်းဖက်မှုများကို မီဒီယာများက သတင်းဖော်ပြရာတွင် လုံခြုံမှု ရှိစေရေးတို့ကို ဒေါ်နန်ပူက အကြံပြု တင်ပြဆွေးနွေးခဲ့သည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading