ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်း ချိုင့်ဝှမ်း ဒေသမှ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒေသခံများ၏ မြေယာ နှင့် ဥယျာဉ်ခြံမြေများအား တပ်မတော်က သိမ်းပိုက်လိုက်မည်ကို စိုးရိမ်သည်ဟု ကချင် အရပ်ဘက် အဖွဲ့အစည်း ၂၈ ဖွဲ့ နှင့် ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) တို့က ပြောဆို လိုက်သည်။
ကချင် အရပ်ဘက် အဖွဲ့အစည်းများနှင့် KPCC တို့က ၎င်းတို့ စိုးရိမ်ရသည်မှာ ၂၀၁၁ ပြည့်နှစ်မှ ယနေ့အထိ ကချင် ပြည် နယ် အတွင်း ဖြစ်ပွားနေသည့် ၆ နှစ်တာ တိုက်ပွဲကာလတွင် စစ်ဘေးကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင်ဒေသခံ တသိန်း ကျော် တို့၏ အိမ်ခြံ၊ မြေယာ၊ လယ်ယာမြေ နှင့် ဘိုးဘွားပိုင် မြေများကို တပ်မတော်က တပ်စခန်းများ အဖြစ်၊ စစ်မြေပြင် အဖြစ် အသုံးပြုထားသလို တချို့ မြေယာများမှာ စီးပွားရေး လုပ်ငန်းရှင်များ ပိုင်ဆိုင် သွားခြင်းတို့ကြောင့် ဖြစ်သည်ဟု ဧရာဝတီကို ပြောသည်။
KPCC မှ ဦးဂျော်ဆန်းနော်က “ဝိုင်းမော်ဘက်ဆိုရင် တရုတ်တွေက ငှက်ပျောခြံတွေ လုပ်လိုက်တယ်။ တိုက်ပွဲဖြစ်ပြီးနောက် မှာ ဒေသခံတွေက သူတို့ လယ်ယာမြေ၊ ဥယျာဉ်ခြံတွေကို လက်လွတ်ဆုံးရှုံးရတာ အခုချိန်ထိ ပြန်မရဘူး။ လွန်ခဲ့တဲ့ ၆ နှစ် အတွေ့အကြုံအရ တနိုင်းက လတ်တလောပြေးတဲ့ ဒေသခံတွေ မြေတွေ ဆုံးရှုံးမှာကို ကျနော်တို့ စိုးရိမ်ပါတယ်”ဟု ပြော သည်။
တပ်မတော်က တနိုင်းမြို့အတွင်းရှိ ပယင်း၊ ရွှေမှော်များကို ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကသာ အကျိုးအမြတ် ရနေပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးသဖြင့် မှော်များကို ဝင်သိမ်းမည်ဟု ကြေညာပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။
တနိုင်းမြို့နယ်အတွင်း ဇွန်လ ၃ ရက်မှစ၍ ယနေ့အထိ တိုက်ပွဲများဖြစ်ပွား နေသဖြင့် ရွာ ၉ ရွာမှ ဒေသခံ စစ်ဘေး ဒုက္ခ သည် တထောင်ကျော် က နေအိမ်များမှ ထွက်ပြေးကာ တနိုင်းမြို့ ဘာသာရေး အဆောက်အအုံ များတွင် ခိုလှုံနေကြ သည်။
ကချင် ဘာသာရေး ဆရာများက ယာယီ စစ်ဘေးရှောင် စခန်းများ ဖွင့်လှစ်ရန် စီစဉ်ကြသော်လည်း တနိုင်းမြို့ အုပ်ချုပ်ရေး အဖွဲ့က မြို့ဂုဏ်သိက္ခာနှင့် မညီညွတ်သဖြင့် စစ်ဘေးရှောင် စခန်းများ မဖွင့်ရန် တားမြစ်ထားသည်။
ထို့ကြောင့် စစ်ဘေးရှောင် စခန်းဖွင့်ထားခြင်း မရှိပါ။
မြို့ပေါ်သို့ ထွက်မပြေးနိုင်ပဲ နေအိမ်များတွင် ဆက်လက် နေထိုင်နေသူများ ရှိသလို ဆွေမျိုးအိမ်များတွင် ခိုလှုံနေသူများ ရှိ သည် ဟု စစ်ဘေးရှောင်များကို ကူညီနေသူများထံမှ သိရသည်။
ဒေသခံများ၏ အိမ်ခြံ၊ မြေယာနှင့် ဥယျာဉ်ခြံမြေများမှာ ကချင်ရိုးရာအရ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာသည့် မြေများ ဖြစ်သဖြင့် အကျယ်အဝန်း သတ်မှတ်ချက်များကို အတိအကျ တိုင်းတာထားခြင်း မရှိပါ။
စစ်ဘေးရှောင်များကို ကူညီနေသူများ၏ ပြောပြချက်အရ မိသားစုတစုတွင် ကချင်ရိုးရာ အိမ်ခြံဝန်းတခုစီနှင့် ပိုင်ဆိုင်မှု များ လျှင် များသလောက် စပါးနှင့် သီးနှံများ စိုက်ပျိုးသည့် မြေယာနှင့် ဥယျာဉ်ခြံမြေများ ပိုင်ဆိုင်ကြသည်။
ဦးဂျော်ဆန်းနော်က “အခုဇွန်လက လယ်ယာစိုက်ပျိုးရေး လုပ်ရမယ့်အချိန်ကို သူတို့ မလုပ်နိုင်တော့ဘူး။ ကျနော်တို့ ပို စိုးရိမ်တာက လွန်ခဲ့တဲ့ ၆နှစ်အတွေ့အကြုံ၊ လူပေါင်းတသိန်းကျော်ရဲ့ အတွေ့အကြုံအရ သူတို့ ဥယျာဉ်ခြံမြေ တွေက စစ်ပွဲကြောင့် ထွက်ပြေးပြီးနောက်မှာ သိမ်းဆည်းခံပြီးမှ လက်လွှတ်ဆုံးရှုံးရတဲ့ အဖြစ်မျိုးကို အဓိက စိုးရိမ်တာပါ” ဟု ပြော သည်။
နေရာအသီးသီးသို့ ထွက်ပြေး တိမ်းရှောင်နေသူများ၏ အိမ်များ၊ လယ်ယာမြေများ ဆုံးရှုံးမည့် အရေးကို ပူပန်ကြောင်း ကချင် အရပ်ဘက် အဖွဲ့အစည်း ဇွန်လ ၂၀ ရက်တွင် သဘောထား ထုတ်ပြန်ချက် တစောင်၊ KPCC က ဇွန်လ ၂၁ ရက်တွင် သဘောထား ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ထားသည်။
KPCC ၏ ထုတ်ပြန်ချက်တွင် မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုက ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု ကိုလည်း ရိုက် ခတ်နိုင်ကြောင်း၊ ဒေသခံများက ၎င်းတို့ပိုင်ဆိုင်သည့် မြေပေါ်တွင် နေထိုင်ခွင့် မရှိအောင် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေ သည်ဟု ယူဆကြောင်း၊ ထိုလုပ်ရပ်များမှာ အပြန်အလှန် ယုံကြည်မှုများ ပျက်ပြားလာစေနိုင်ပြီး အမျက်ဒေါသများကို မီးမွှေး သလို ဖြစ်စေနိုင်သည်ဟု ရေးသားထားသည်။
ကချင် အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် တပ်မတော်နှင့် ပြည်သူထောက်ခံသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရတို့က ဟူးကောင်း ချိုင့်ဝှမ်းဒေသခံ ဌာနေတိုင်းရင်းသားများကို အဓမ္မပြောင်းရွှေ့စေခဲ့ပြီး ၎င်းတို့ နေ ထိုင်သည့် ကျေးရွာ ၉ ရွာ နှင့် မြေယာ၊ ဥယျာဉ်ခြံ အားလုံးကို သိမ်းပိုက်ရန် ဆန္ဒရှိကြောင်း တွေ့ရသည်ဟုလည်း ရေးသား ထား သည်။
ကချင်အရပ်ဘက်အဖွဲ့အစည်းများမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခွန်ဂျာက “တချို့ရွာတွေဆို အိမ်ခြေ ထောင်ဂဏာန်း ရှိတယ်။ စာသင်ကျောင်းတွေ ဈေးတွေ ဆေးပေးခန်းတွေ အကုန်စုံပြီး တိုက်တာတွေ အိမ်ကြီး အိမ်ကောင်းတွေ ရှိကြတယ်။ အခု သူတို့ ပြန်မလာနိုင်ရင် ဒုက္ခရောက်ပြီ။ အခု ဗန်းမော်-မြစ်ကြီးနား လမ်းကိုပဲ ကြည့်လိုက် ဘယ်တုန်းကမှ ပြန်လာလို့ မရ တော့တာ”ဟု ပြောသည်။
တပ်မတော်က ဟူးကောင်းချိုင့်ဝှမ်း ဒေသကို သဘာဝ ပတ်ဝန်းကျင် ပျက်စီးမည်ဟု ဆိုပြီး ဝင်ရောက်လာသည်မှာလည်း အကြောင်းပြချက် မခိုင်မာကြောင်း၊ စစ်အစိုးရလက်ထက်မှ ယနေ့အထိ ကျောက်စိမ်း တူးဖော်နေသည့် ဖားကန့်ဧရိယာမှာ သဘာဝပတ်ဝန်းကျင် ဆိုးဆိုးဝါးဝါး ပျက်စီးနေခြင်း ဖြစ်ကြောင်း ဒေါ်ခွန်ဂျာက ဆိုသည်။
“နောက်တခုက လီဒိုလမ်းက အခု One Belt One Road အရ လီဒိုလမ်းကိုပြန်ခင်းနေတာ တွေ့တော့ အိန္ဒိယနိုင်ငံကို အတိုဆုံး ဖြတ်ပြီး ဆက်နိုင်တဲ့ လမ်းဖြစ်နေတော့ ဒီလမ်းမှာ သူပုန်ကို မထားချင်ဘူးလို့ ယူဆတယ်။ ၂၀၁၃ မှာ ရွှေဂက်စ် ပိုက်လိုင်းတုန်း ကလည်း KIA တပ်တွေ တအန်း တပ်တွေကို တိုက်ခဲ့တယ်” ဟု ဒေါ်ခွန်ဂျာက ၎င်း၏ သုံးသပ်ချက်ကို ပြော သည်။
ထို့ကြောင့် ဟူးကောင်းချိုင့်ဝှမ်း ဒေသတလျှောက်တွင် ဒေသခံများ နေရပ်ကို မပြန်နိုင်ပါက ၎င်းတို့၏ မြေနေရာများတွင် စီးပွားရေးလုပ်ငန်းများ ၊ စီမံကိန်းများ ဝင်ရောက်လာနိုင်သည်ဟုလည်း ဒေါ်ခွန်ဂျာက ပြောဆိုသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒေသခံတို့၏ ရွာ ၉ ရွာရှိသည့် ဟူးကောင်းချိုင့်ဝှမ်းမှာ ကမ္ဘာ့ အကြီး ဆုံး ကျား ထိန်းသိမ်းရေး ဧရိယာ (World Largest Tiger Reserve) ဟု Wild Life Conservation Society (WCS) နှင့် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသည့် ဧရိယာအတွင်း ပါဝင်သည်။
ဟူးကောင်းချိုင့်ဝှမ်းတွင်၂၀၀၆ ခုနှစ်က ယုဇနကုမ္ပဏီမှ စိုက်ပျိုးရေးစီမံကိန်းပြုလုပ်ရန် အတွက် မြေဧက ၂သိန်းကျော် သိမ်းဆည်းခဲ့သဖြင့် ထောင်နှင့်ချီသည့်ကချင်တောင်သူများ အိမ်ခြံနှင့် လယ်ယာမြေများ ဆုံးရှုံးထားသည်။