မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ သားတဦးဖြစ်သူ ဟန်ညောင်ဝေကို မြန်မာ အစိုးရက ဗီဇာပိတ်ပင်ထားခြင်း လုံး၀ မရှိဘဲ ၎င်းရရှိထားသည့် မာတီဘယ်လ် ဗီဇာမှ ဆိုရှယ်ဗီဇာသို့ ပြောင်းလဲခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း သမ္မတရုံံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဇွန် ၂၁ ရက် ညနေပိုင်းက နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
“ဦးဟန်ညောင်ဝေ အနေနဲ့ မြန်မာနိုင်ငံကို အချိန်မရွေး ဝင်နိုင်ထွက်နိုင်ပါတယ်။ ဝင်ထွက်တဲ့အခါမှာ ကျန်တဲ့သူတွေကို ဝင်ထွက်သလို Social Visa နဲ့ပဲ ဝင်လို့ရပါတယ်။ အဲဒါကိုလည်း သံရုံးတွေကိုလည်း ပြောထားပြီး ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ဦးဟန်ညောင်ဝေသည် ယခင် အစိုးရလက်ထက်တွင် Euro-Burma Office အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် မာတီဘယ် ဗီဇာ ခွင့်ပြုထားကြောင်း၊ အစိုးရသစ်လက်ထက်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်၌ ပူးပေါင်း ဆောင်ရွက်မှု မရှိတော့ကြောင်း သမ္မတရုံးက ပြောသည်။
၎င်းသည် မြန်မာ့တိုင်းရင်းသား နိုင်ငံရေးတွင် ဩဇာကြီးသူဖြစ်ပြီး ၎င်း၏ EBO အဖွဲ့သည် လူမျိုးစု လူမှုအခြေပြု အဖွဲ့အစည်း များနှင့် အတိုက်အခံအဖွဲ့များအတွက် အဓိက ဘဏ္ဍာရေး ရင်းမြစ်တခု ဖြစ်သည်။
ယခင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အကြား ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုး ရေးတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် အခြား အဖွဲ့အချို့ ပါဝင် ရေးထိုးနိုင် ရေးအတွက် ဦးဟန်ညောင်ဝေသည် အရေးပါခဲ့သူတဦးဖြစ်ကြောင်း ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ အချို့က ဆိုသည်။
“အစိုးရသစ်လက်ထက်မှာ မြန်မာ အစိုးရနဲ့ Euro- Burma Office ကြားမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကန်ထရိုက် ချုပ်ဆိုတာ၊ သဘော တူညီချက်တွေ လုပ်ထားတာ မရှိဘူး။ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်မှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာလည်း မရှိဘူး။ မရှိတော့ သူ့ကို ကျနော်တို့က ဗီဇာမပိတ်ဘူး။ သို့သော် အရင်တုန်းက ပေးထားတဲ့ မာတီဘယ်လ် ဗီဇာတော့ မရတော့ဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
၎င်းက ဆက်၍ “သူ့ကို အကြောင်းကြားပေမယ့် မီဒီယာမှာ ပြန့်နေတော့ ကျနော်တို့က ပြန်ရှင်းဖို့ လိုတယ်။ အခု တော်တော်များများက အဲဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရကို ဝေဖန်မှုတွေ ရှိတယ်။ ဟန်ညောင်ဝေကို ဗီဇာ ပိတ်လိုက်ပြီ ဆိုတဲ့ ကိစ္စက ဟိုဘက် Process မှာ အစိုးရကို တော်တော်လေး သွားပြီးတော့ ထိခိုက်တယ်။ ဒါကြောင့် ကျနော်တို့က ပြန်ရှင်းတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်သည့် ဥရောပမြန်မာရုံး (Euro-Burma Office – EBO) ၏ အမှုဆောင် ဒါရိုက်တာ ဦးဟန်ညောင်ဝေကို မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ၎င်းနှင့် ရင်းနှီးသူတချို့ကလည်း ယင်းသတင်းကို အတည်ပြုပေးခဲ့သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် မြန်မာ အစိုးရက ဦးဟန်ညောင်ဝေကို ပြည်ဝင်ခွင့် မပိတ်ထားကြောင်း ပြန်လည် ရှင်းလင်းခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန် စဝ်ရွှေသိုက်၏သား ဦးဟန်ညောင်ဝေကို ပြည်ဝင်ခွင့် ပိတ်ပင်