သတင်း

မောင်တောဒေသ အကြမ်းဖက်သူများ ထပ်မံ ရှင်းလင်းခံရ၊ ၃ ဦး အသေဖမ်းဆီးမိဟုဆို

Want create site? Find Free WordPress Themes and plugins.

ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည်ဟု သတင်း ရ၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဇွန်လ ၂၀ ရက်နေ့တွင် သွားရောက်ရှင်းလင်းရာ လိုဏ်ခေါင်းများ၊ သေနတ်များ၊ လူနေတဲ၊ ဂိုဒေါင်များ၊ စားနပ်ရိက္ခာများစွာ တွေ့ရှိရပြီးနောက် ပြန်လည် ခုခံသူ ၃ ဦးကို အသေ ဖမ်းဆီးရမိကြောင်း သမ္မတရုံးက ဇွန်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“မေယုတောင်ကြောပေါ်မှာ အကြမ်းဖက်လုပ်ရပ်တွေ ဆောင်ရွက်ဖို့ ဥမင်လိုဏ်ခေါင်းတွေ တူးထားတာကို ၂၀ ရက်နေ့မှာ တွေ့ပါတယ်။ အဲဒီမှာ ဒေသမှာရှိတဲ့ မွတ်စလင်တွေကို စည်းရုံးပြီးတော့ အကြမ်းဖက်သင်တန်းတွေ ပေးတယ်။ မိုင်း သင် တန်းတွေ ပေးတယ်။ အဲဒီမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေလုပ်တဲ့ ခြေကုပ်စခန်း ကောင်းကောင်းလုပ်နေတယ်ဆိုတဲ့ သတင်းတွေရလို့ သွားရှင်းတာပါ ” ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဇွန်လ ၂၁ ရက်နေ့က နေပြည်တော် တွင် သတင်းထောက်များကို ပြောသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များ ရှင်းလင်းစဉ် ဇွန်လ ၂၀ ရက်နေ့တွင် ဓားဖြင့် ခုခံသူ ၂ ဦး၊ ၂၁ ရက်နေ့တွင် လိုဏ်ခေါင်းအဆုံး ကြမ်းပြင်တွင် မြေကြီးများ ဖုံးအုပ်၍ ပုန်းကွယ်နေသည့် မျက်နှာဖုံးစွပ်တဦး၏ ဦးခေါင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက နင်းမိခဲ့ရာ ၎င်းက ပြန်လည် တိုက်ခိုက်ရန် ကြိုးပမ်းသဖြင့် ရှင်းလင်းလိုက်ရာ ယင်းနေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေယုတောင်ကြောပေါ်တွင် အကြမ်းဖက်သူများ ခြေကုပ်ယူနေသည်ဟု သတင်းရခြင်းမှာ ၂၀၁၇ နှစ်ဆန်းပိုင်းမှ စ၍ ယင်းနေရာတွင် အကြမ်းဖက်သင်တန်း တက်ရောက်သူများကို ဖမ်းမိခြင်း၊ လုပ်သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခြင်း၊ မိုင်းစမ်းသပ်စဉ် ပေါက်ကွဲ၍ သေဆုံးသူများကို တွေ့ရခြင်းတို့ကြောင့် ဖြစ်သည်ဟု သမ္မတရံုံးက ပြောသည်။

ဦးဇော်ဌေးက “အကြမ်းဖက်သင်တန်းတွေ ပေးပြီးတော့ သင်တန်းဆင်းသွားတဲ့ ရွာသူ၊ ရွာသားတွေကို ဒီကိစ္စကို လျှို့ဝှက် ထားဖို့ ဆိုပြီးတော့ ကျမ်းစာအုပ်ကို ကိုင်ပြီး သစ္စာဆိုခိုင်းတယ်။ လောလောဆယ်တော့ မောင်တောမှာပဲ လှုပ်ရှားပြီးတော့ နောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို သွားပြီးတော့ သင်တန်းတွေ တက်ရမယ်ဆိုပြီး ပြောထားတယ်”ဟု သတင်းထောက် များကို ရှင်းပြသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၂ ရက်နေ့မှ မေလ ၁၄ ရက်အထိ မေယုတောင် အနောက်ဘက်တွင် မောင်တောမြို့နယ် ဟန်ဒက်ရွာ နေ မော်လဝီ အီလီယာစ်က ဦးဆောင်၍ သင်တန်းသား ၁၀၀ ခန့်ကို ကရာတေး တိုက်ခိုက်နည်း၊ သေနတ်အစား တုတ်ဖြင့် လက်နက်ငယ် ပစ်ခတ်နည်းတို့ကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဦးဇော်ဌေးက “တပ်မတော်က လုံခြုံရေးအရ အရန်အနေနဲ့ပဲ နေတဲ့အချိန်မှာ ဒီဒေသကို သူတို့က သြဇာလွှမ်းမိုးဖို့ လုပ်နေ တယ်။ သြဇာလွှမ်းမိုးပြီးရင် ဘာလုပ်မလဲဆိုရင် ရွာသူရွာသားတွေကို သင်တန်းတွေ ပေးတယ်။ အခု ရွာတိုင်း၊ ရွာတိုင်းမှာ သင်တန်းပေးထားပြီးသားသူတွေ အများကြီး ရှိနေပြီးတော့ လက်နက်တွေ တပ်ဆင်ပေးလိုက်တဲ့အချိန်မှာ တကယ့်ကို အကြမ်းဖက် တိုက်ခိုက်မှု ဖိလစ်ပိုင်တို့ ဘာတို့မှာ လက်ရှိ ကြုံတွေ့နေရတဲ့ အနေအထားမျိုးအထိ ဖြစ်နိုင်တယ်” ဟု ပြော သည်။

ထို့ကြောင့် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရသည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ ၂၀၁၇ ခုနှစ် ဇွန်လ ၄ ရက်နေ့အထိ ဒေသအုပ်ချုပ်ရေးပိုင်းတွင် ပါဝင်ဆောင်ရွက်သူ၊ မီဒီယာများကို သတင်းဖြေကြားပေးသူ စုစုပေါင်း ၃၄ ဦး အသတ်ခံရပြီး ၂၂ ဦးမှာ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန် ထားသည်။

ဦးဇော်ဌေးက “အုပ်ချုပ်ရေးပိုင်းက လူတွေကို ခေါင်းဖြတ်တယ်။ အပြစ်မဲ့သူတွေကို ဖမ်းတယ်။ ဆိုလိုတာက သေတယ် လို့တောင် ယူဆလို့ရတယ်။ ရွာတိုင်း ရွာတိုင်းက သူတို့ရဲ့ အမာခံနယ်မြေတွေ ဖြစ်နေပြီ။ အမာခံနယ်မြေတွေမှာလည်း အမာခံ လေ့ကျင့်ပြီး သင်တန်းပေးထားတဲ့သူတွေ ရှိနေပြီ။ လက်နက်ခဲယမ်းပြီးတော့ ကျန်တဲ့ ပံ့ပိုးမှုတွေနဲ့အတူ မောင်တောက အချိန်မရွေး အကြမ်းဖက်တိုက်ခိုက်နိုင်တဲ့ ပထမဆုံး ခြေကုပ်စခန်းနေရာ ဖြစ်သွားနိုင်တယ်”ဟု ပြောသည်။

ထို့ပြင် ပြင်ပနိုင်ငံများနှင့် ငွေကြေး၊ အိုင်ဒီယိုလော်ဂျီ ဆက်စပ်မှုက ရှိနေပြီး ဆော်ဒီအာရေးဗျမှ ငွေကြေး စီးဆင်းမှုများ တွေ့ရသဖြင့် ယင်းနိုင်ငံ၏ အကူအညီဖြင့် စစ်ဆေးကြည့်ရာ ပြည်ပရောက်သူများက မိသားစုထံ ပြန်ပို့သည့် ငွေကြေး ပုံစံမျိုး တွေ့ရပြီး ယင်းငွေများသည် နောက်ပိုင်းတွင် အကြမ်းဖက်သူများထံ ရောက်ရှိသွားကြောင်း သိရသည်။

သမ္မတရုံး ပြောခွင့်ရသူက “ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီတွေနဲ့ ဆက်နွယ်မှုတွေ ရှိနေတာတော့ တွေ့တယ်။ သူတို့ရဲ့ ငွေကြေးစီးဆင်းမှုတွေက အဖွဲ့အစည်း လိုက်ပို့တာ မဟုတ်ဘဲ တဦးချင်း Indivitual ပို့ပြီးမှ နောက်ပိုင်းမှာ အကြမ်းဖက် လုပ်ငန်းတွေဆီကို ရောက်သွားတာမျိုး တွေ့ရတယ်”ဟု ပြောသည်။

ယခုအခါ မေယုတောင်ကြော တခုလုံးကို တပ်မတော်က ဦးဆောင်၍ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ နယ်မြေရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်နေပြီး မောင်တောဖြစ်စဉ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီက ကိုင်တွယ်နေကြောင်းလည်း သိရသည်။

မောင်တော အကြမ်းဖက်သူများ၏ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီဂျီရာဘူရာမန်ကို ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရ ၂၀၁၆ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုကို Aqua Mul Mujahidin (AMM) အဖွဲ့က ဆောင် ရွက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းအဖွဲ့အပြင် Rohingya National Security Committee (RNSA) အဖွဲ့လည်း ရှိကြောင်း၊ ယင်းအဖွဲ့ ၂ ခု ပူးပေါင်းပြီး Arakan Rohingya Salvation Army (ARSA) အဖွဲ့အဖြစ် ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင် ပြောင်းလဲ ဖွဲ့စည်းခဲ့ကြောင်း၊ အဖွဲ့၏ စစ်ရေးတာဝန်ခံမှာ ဟာဗစ်ဒူဟာ ဖြစ်ကြောင်း သိရသည်။

ပဋိပက္ခဒေသ ဖြစ်နေသည့် မောင်တောသည် အကြမ်းဖက်ခြေကုပ်ဒေသ ဖြစ်လာမည်ကို မြန်မာအစိုးရက စိတ်ပူလျက်ရှိပြီး ယင်းအကြမ်းဖက် ကွန်ရက်ကို ချေမှုန်းနိုင်ရန် သတိထား၍ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရကြောင်း၊ နိုင်ငံတကာမှ ပါဝင်ပတ်သက်နေသည့် ယခု ကွန်ရက်တွင် ငွေကြေး၊ လက်နက်၊ မူးယစ်ဆေးဝါးများ အပါအဝင် လူကုန်ကူးမှုများနှင့်ပါ ဆက်စပ်နေကြောင်း သမ္မတရုံးက ပြောသည်။

“ကျနော်တို့ ဘာသာရေးအရ ထိရှလွယ်တဲ့ အနေအထားမှာ ပြသာနာတွေ ဖြစ်လာတာကို တော်တော်လေးကို ဆင်ဆင် ခြင်ခြင် နဲ့ ထိန်းထိန်းသိမ်းသိမ်းလုပ်နေရတဲ့ သဘောရှိပါတယ်။ ပြောချင်တာကတော့ ဖိလစ်ပိုင်လို မဖြစ်လာအောင် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတယ်။ နောက် အရေးကြီးတာက ပြည်တွင်းက လူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ အားလုံး ဒီအပေါ်မှာ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်”ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးဇော်ဌေးက မီဒီယာများကို ပြောကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading