အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က ထုတ်ပြန်သော အလုပ်အကိုင်ရရှိမှု နှုန်းထားနှင့် ပုဂ္ဂလိကတို့၏ အလုပ်အကိုင်ရရှိမှု နှုန်းထားများ ကွဲလွဲလျက်ရှိကြောင်း သိရသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့က ၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း အလုပ်အကိုင်ရရှိမှု နှုန်းထားများ ၂၀၁၆ခုနှစ်ထက် လျော့နည်းလာကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ယင်းဌာန စာရင်းများအရ သိရသည်။
၂၀၁၇ ခုနှစ် မေလအတွင်း ပြည်တွင်းအလုပ်နေရာ ၁၂,၀၀၀ ကျော်၊ ဧပြီလအတွင်း ၁၁,၀၀၀ ကျော် မတ်လအတွင်း ၁၃,၀၀၀ ကျော်၊ ဖေဖော်ဝါရီလအတွင်း ၁၆,၅၁၁ ကျော် ဇန်နဝါရီလအတွင်း ၁၇,၀၀၀ ကျော်ဖြင့် စုစုပေါင်း ၆၉,၅၁၁ ခန့်ထားမှု ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်တွင်းအလုပ်နေရာ ၁၇,၀၀၀ ကျော် နိုဝင်ဘာလအတွင်း ၁၉,၀၀၀ ကျော်၊ စက်တင်ဘာလအတွင်း ၁၈,၀၀၀ ကျော်၊ သြဂုတ်လအတွင်း ၁၈,၈၀၀ကျော်ဖြင့် စုစုပေါင်း ၇၂,၈၀၀ ခန့်ထားမှု ရှိခဲ့သည်။
အလုပ်အကိုင်ပေါ်ပေါက်မှု နည်းပါးခြင်းအပြင် ဌာနက ရရှိသော စာရင်းများသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိထားသော စာရင်း မဟုတ်ခြင်းကြောင့် ယခုနှစ် အလုပ်အကိုင် ခန့်ထားမှု စာရင်းများ နည်းနေရခြင်းဖြစ်ကြောင်း အလုပ်အကိုင် နေရာချထားရေးဌာနခွဲမှ သိရသည်။
အလုပ်အကိုင် နေရာချထားရေးဌာနခွဲမှ တာဝန်ရှိသူတဦးက “ အမှန်မှာ တိုးရမှာပေါ့။ တိုးချင်တာပေါ့။ အစိုးရဌာန ခေါ်တာများရင် အစိုးရအလုပ် ရတယ်။ ပုဂ္ဂလိကခေါ်တာများရင် အလုပ်ရတာ များတာပေါ့။ အဲဒီနှစ်က အလုပ်အကိုင်ရတာ တိုးသွားတဲ့ သဘောပေါ့။ သူတို့တွေရဲ့ အလုပ်ပေါ်ပေါက်မှု နည်းတာပေါ့ ” ဟု ဧရာဝတီကို ပြောသည်။
သို့သော် work.com.mm က ၂၀၁၆ ခုနှစ်တွင် အလုပ်လျှောက်ထားသူ၏ ၈၀ ရာခိုင်နှုန်းကို အလုပ်ခန့်ထားပေးနိုင်ခဲ့ပြီး ယခု ၂၀၁၇ နှစ် အစပိုင်းတွင် ၃၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြား ရှိနေကြောင်း သိရသည်။
work.com.mm မှ Public Relations Manager ကိုသုတလင်းက “၂၀၁၆ တနှစ်လုံးမှာ လူဦးရေ ၉ သောင်းကျော်ကို အလုပ်အကိုင် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အလုပ်ရတဲ့သူက ၉သောင်းကျော်ရှိသွားတာပါ။ မြန်မာနိုင်ငံရဲ့ အလုပ်ရရှိနိုင်မှု နှုန်းထားက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ၂၀၁၇ နှစ် အစပိုင်းမှာဆိုရင်တော့ ရာခိုင်နှုန်းက ၅၀ ရာခိုင်နှုန်းတော့ မရသေးဘူး။ အခုဆိုရင် ပျမ်းမျှ ခန့်မှန်းလို့ရှိရင် ၃၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ကြားထဲမှာတော့ ရှိနေပါပြီ။ ပြောချင်တာကတော့ ၂၀၁၆ ထက်များလာပြီပေါ့” ဟု ဧရာဝတီသို့ပြောသည်။
၂၀၁၆ခုနှစ်အတွင်း အလုပ်အကိုင် ရရှိမှုများတွင် ပုဂ္ဂလိက ကုမ္ပဏီများ၌ ကုန်စည်နှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် အများဆုံးဖြစ်ပြီး ဆက်သွယ်ရေး နည်းပညာနှင့် သက်ဆိုင်သော လုပ်ငန်းများက ဒုတိယ၊ အိုင်တီနှင့် ဆော့ဝဲလ်လုပ်ငန်းများက တတိယအများဆုံး ဖြစ် နေကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကလုပ်ငန်းများကလည်း လာရောက်စာရင်းပေးမှု အားနည်းခြင်း၊ ဌာနအနေဖြင့် လူအင်အား မလုံလောက်ခြင်းတို့ကြောင့် ကွင်းဆင်းစစ်ဆေးနိုင်မှု အားနည်းခြင်းကလည်း အလုပ်အကိုင်ရရှိသည့် ဦးရေဖော်ပြသည့် ပမာဏကို လျော့နည်းနိုင်ကြောင်း အလုပ်အကိုင် နေရာချထားရေးဌာနခွဲမှ တာဝန်ရှိသူတဦးက ပြောသည်။
“ ၁၉၅၉ ခုနှစ် အက်ဥပဒေအရ အစိုးရဌာနတွေ၊ ပုဂ္ဂလိကတွေ အကုန်လုံးက ဒီဌာနကို ဆက်သွယ်ပြီး အမှာစာ တောင်းခံရမယ်။ အလုပ်ခန့်ရမယ်။ လာရောက် မဆက်သွယ်တဲ့ သူတွေဆိုရင်လည်း ကွင်းဆင်းပြီး Regularize(စနစ်တကျ) လုပ်ရတယ်။ အချို့ ပုဂ္ဂလိကတွေကျတော့ မလာဘူး စာရင်းမပေးဘူး” ဟု ၎င်းက ဆိုသည်။
လက်ရှိ ထုတ်ပြန်သည့် စာရင်းများသည် ဝန်ကြီးဌာနသို့ တရားဝင် လာရောက်ပေးသွင်းသည့် စာရင်းများ ဖြစ်သော်လည်း တနိုင်ငံလုံး လွှမ်းခြုံနိုင်စွမ်း မရှိသေးကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းများ စာရင်းလာမပေးခြင်းက နိုင်ငံအတွက်လည်း ထိခိုက် နစ်နာကြောင်း ၎င်းက ရှင်းပြသည်။
အလုပ်သမား အဖွဲ့အစည်းများကမူ လုပ်ခလစာ နည်းပါးခြင်း၊ ခွဲခြားဖိနှိပ်ခြင်းတို့အပေါ် အခြေခံသည့် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကြောင့်လည်း အလုပ်အကိုင် ပေးနိုင်စွမ်း လျော့ကျလာကြောင်း ပြောကြားကြသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဒေါ်ဝင်းသိင်္ဂ ီစိုးက “အလုပ်ခန့်ထားမှု ကျဆင်း သွားတဲ့ ကိစ္စက စက်ရုံတွေမှာက လုပ်ခလစာ နည်းပါးတယ်။ လုပ်ခလစာတွေနဲ့ ပတ်သက်ပြီး စက်ရုံတွေမှာ အငြင်းပွားမှု လည်း တအားများတယ်။ အဲဒီတော့ လုပ်ငန်းရှင်တွေ အလုပ်ထုတ်ပစ်တဲ့ ပမာဏက များပြားလာတယ်။ အဲဒါကြောင့် အလုပ်အကိုင်ရရှိမှုက လျော့ကျလာတယ်”ဟု ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံတွင် တရားဝင် ခန့်အပ်ထားသည့် ဝန်ထမ်း အလုပ်သမားအရေအတွက် အများဆုံးဖြစ်သည့် အထည်ချုပ် လုပ်ငန်းများတွင်လည်း အလုပ်ရှင် အလုပ်သမား ပြဿနာများကြောင့် အလုပ်ထပ်မံ ခန့်ထားမှု နည်းပါးခြင်း၊ စက်ရုံပိတ်သိမ်းခြင်းများပင် ဖြစ်နေကြောင်း သိရသည်။