ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းရှိ Honey Garment 1 အထည်ချုပ် စက်ရုံမှ အလုပ်သမား များသည် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ခွင့်ရရန်နှင့် အလုပ်သမားများ ရာနဲ့ချီ၍ အလုပ်ထုတ်နေခြင်းများကို ရပ်တန့်ပေးရန် အတွက် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြမည် ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မြို့တော်ခန်းမရှေ့၌ ပြုလုပ်သွားမည်ဖြစ်ပြီး အလုပ်သမားအင်အား ၁၅၀၀ ခန့် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ထို စက်ရုံတွင် အလုပ်သမားများကို နှုှုန်းထားပြည့်မီအောင် အလုပ်လုပ်ခိုင်းရာမှ စတင်ပြီး မပြေမလည်ဖြစ်ကာ အလုပ်သမားများကို အလုပ်ထုတ်ခြင်း ဖြစ်ပြီး ယခု လက်ရှိတွင် အလုပ်သမား ၄၀၀ ကျော်အထိ အလုပ်ထုတ်ခံခဲ့ရကြောင်း အဆိုပါ စက်ရုံရှိ အလုပ်သမားများထံမှ သိရသည်။
ဆန္ဒထုတ်ဖော်ရသည့် အကြောင်းနှင့် ပတ်သက်ပြီး “လုပ်ငန်းခွင်ပြန်ဝင်ဖို့ အတွက်ပဲ တောင်းဆိုကြတာပါ။ ကိုယ့်မြန်မာနိုင်ငံတင် မကဘူး အခုစက်ရုံက ဂျပန်စက်ရုံဆိုတော့ သူ့လုပ်ငန်းစဉ်တွေကို တိုက်ရိုက်သိစေချင်တဲ့ အကြောင်းလည်း ပါတယ်။ ပြီးတော့ ကိုယ့်မြန်မာတနိုင်ငံလုံးလည်း သိစေချင်တယ်။ ညီမတို့တိုင်စရာဆိုလို့လည်း ဒီအစိုးရပဲရှိတာလေ။ အဲဒီလိုမျိုးတွေ သိစေချင်တဲ့ ဆန္ဒတွေနဲ့ ဆန္ဒထုတ်ဖော်တာပါ” ဟု Honey Garment 1 အထည်ချုပ် စက်ရုံတွင် အလုပ်လုပ်နေသော မယဉ်မျိုးသူက ပြောသည်။
အလုပ်သမားရာနှင့်ချီ အလုပ်ထုတ်ခံရပြီး အလုပ်ရှင်နှင့် ညှိနှိုင်း၍ မရသဖြင့် ဇွန်လ ၁၉ ရက်နေ့မှ စတင် ဆန္ဒပြနေပြီး ဇွန်လ ၂၃ ရက်နေ့အထိ ဆက်လက်ဆန္ဒပြမည်ဟု အလုပ်သမားများထံမှ သိရသည်။
အဆိုပါ စက်ရုံတွင် အလုပ်လုပ်နေသော မဇင်ပိုးအိက “တကယ်တော့ ညီမတို့က မြို့တော် ခန်းမရှေ့မှာ ပြချင်တာမဟုတ်ဘူး။ သံရုံးရှေ့မှာပြချင်တာ သူတို့က သံရုံးရှေ့မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်မှာစိုးလို့ဆိုပြီး ညီမတို့ မရလို့ မြို့တော်ခန်းမရှေ့ကို ယူလိုက်ရတာ” ဟု ပြောသည်။
စက်ရုံဘက်မှ တရက်ကို အထည် ၇၅၀ တောင်းသော်လည်း အလုပ်သမားများဘက်က ချုပ်လုပ်ရသည့် အထည် အပြောင်းအလဲကြောင့် အထည် ၅၀၀ သာ ချုပ်ပေးနိုင်ခြင်းကြောင့် ညှိနှိုင်း မရဖြစ်ကာ ယခုကဲ့သို့ ဆန္ဒပြရသည့် အခြေအနေထိ ဖြစ်လာခြင်းဖြစ်သည်။
“အခုဖြစ်နေတဲ့ နေရာက လူလည်း လုံး၀ မရှိတဲ့ အရပ်ဒေသမှာ အဲဒီလိုမျိုး ဖိနှိပ်ခံနေရတယ် ဆိုတာက လက်တဆုပ်စာပဲ မြင်တယ်။ မြို့တော် ခန်းမရှေ့ကို ထွက်လာလိုက်ခြင်းအားဖြင့် တော်ရုံတန်ရုံ မြို့သူ မြို့သား တွေ့သွားလိမ့်မယ်။ အဲဒီနေရာမှာ မတရားမှုတွေ ခံနေရတဲ့ အလုပ်သမားတွေကို အလုပ်ဖြုတ်လိုက်တယ် ဆိုတာကိုလည်း သိသွားကြမယ်။ ညှိနှိုင်းတာတွေကတော့ ဥပဒေကြောင်း အရ ညှိနှိုင်း နေကြပါတယ်” ဟု အလုပ်သမား ကိစ္စရပ်များအား လိုက်ပါ ဆောင်ရွက်ပေးနေသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်၏ ပရိုဂရမ် ဒါရိုက်တာ ဒေါ်မျိုးမျိုးအောင်က ပြောသည်။
ဆန္ဒပြရာတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရရေး အပါအဝင် အလုပ်သမားဥပဒေပါ အခွင့်အရေးများ ရရှိရေး၊ ဥပဒေမဲ့ အလုပ်ထုတ်မှု ရပ်တန့်ရေး၊ ခွဲခြားဖိနှိပ်မှု ရပ်တန့်ရေး စသည့်အချက်များကိုပါ အလုပ်သမားများက တောင်းဆို ဆန္ဒပြသွားမည်ဖြစ်ကြောင်းသိရသည်။
ဆက်စပ်ဖတ်ရှုရန်- Honey Garment 1 အထည်ချုပ်စက်ရုံမှ အလုပ်သမားရာချီ အလုပ်ထုတ်ခံရ၍ ဆန္ဒပြ