ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်-မောင်တော ဒေသရှိ မေယုတောင်ကြောပေါ်၌ အကြမ်းဖက် သင်တန်းများ သင်ကြားပေးနေသည့် စခန်းတခုကို ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန်လ ၂၀ ရက်နေ့က ရှင်းလင်းဖယ်ရှားခဲ့ပြီး ဖြစ်သော်လည်း ဒေသတွင်း လုံခြုံရေး အခြေအနေကို တိုးမြှင့်ထားကြောင်း သိရသည်။
မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦးက “အကြမ်းဖက်စခန်းကိုတော့ နယ်ခြားစောင့်တပ်တွေက ဖယ်ရှား လိုက်ပါပြီ၊ ဒေသတွင်း လုံခြုံရေးကိုလည်းပဲ နယ်ခြားစောင့်တပ်က အဓိက ဆောင်ရွက်နေတာပါ၊ မောင်တောမြို့ပေါ်မှာ လည်းပဲ လုံခြုံရေးကို ပုံမှန်ထက်တော့ နည်းနည်းတိုးမြှင့်ထားပါတယ်”ဟု ဧရာဝတီ ကို ပြောသည်။
မေယုတောင်ပေါ်၌ အကြမ်းဖက်စခန်း တွေ့ရှိခြင်းအပြင် လက်နက်ပစ္စည်းများကိုပါ ဖမ်းဆီးရမိသည့်အတွက် အကြမ်းဖက် မှုများ ထပ်မံ ဖြစ်ပွားလာမည်ကို စိုးရိမ်ကြောင်းလည်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။
ဘူးသီးတောင် ဒေသခံ ဦးဝင်းနိုင်က “အကြမ်းဖက် စခန်းတွေ့တဲ့ နေရာနဲ့ နီးတဲ့ ကျေးရွာတွေမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေကို ပညာရေးဌာနက မြို့ပေါ်ကို ခေါ်ယူထားပါပြီ” ဟု ဆိုသည်။
အကြမ်းဖက် သင်တန်းပေးနေသည့် နေရာသည် ဘူးသီးတောင်မြို့၏ တောင်ဘက်ပိုင်းတွင်တည်ရှိပြီး၊ ထိုတောင်ခြေတွင် ရွာငယ်တချို့ရှိကြောင်း သိရသည်။ ထို့အတူ မောင်တောမြို့နယ် ရွာသာယာ ကျေးရွာနှင့်လည်း ၃ မိုင်ခန့်သာ ဝေးကွာ ကြောင်း ဒေသခံများက ပြောသည်။
အကြမ်းဖက် စခန်းဖယ်ရှားမှု ဖြစ်စဉ်တွင် အကြမ်းဖက်သမား တချို့ကိုသာ အသေဖမ်းမိခဲ့ပြီး၊ အသက်ရှင်သူများကို ဖမ်း မမိကြောင်း၊ ထို့ကြောင့် အသက်ရှင် လွတ်မြောက်သွားသူများက အကြမ်းဖက်မှုများ ထပ်မံ ပြုလုပ်လာမည်ကို စိုးရိမ် ကြောင်း ဒေသခံများက ပြောသည်။
ထို့အတူ မောင်တောမြို့နှင့် ဝေးလံသည့် ကျေးရွာများတွင်လည်း တခြားမြို့နယ်များမှ လာရောက်၍ လယ်ယာလုပ်ငန်းများ လုပ်ကိုင်နေသူများရှိကြောင်း၊ ၎င်းတို့သည် အကြမ်းဖက်စခန်းကို တွေ့ရှိပြီး နောက်ပိုင်း လုပ်ငန်းခွင်အား စွန့်ခွာ၍ ထွက်ခွာ နေမှုများ ရှိကြောင်း၊ ရခိုင်အမျိုးသားပါတီ (ANP ) ၏ မောင်တော မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ဧရာဝတီ ကို ပြောသည်။
၎င်းက “မြို့ပေါ်မှာတော့ လုံခြုံရေးတွေရှိတယ်၊ ဒါပေမယ့် ရွာတွေမှာက လုံခြုံရေး စိုးရိမ်ရတယ်၊ လုံခြုံရေး အားနည်းတဲ့ အပြင် တရားဥပဒေ စိုးမိုးမှုက မရှိတော့ လူတွေက မနေရဲကြတော့ဘူး၊ နောက်တခုက အကြမ်းဖက်မှုတွေကို စောင့်ကြည့် ပြီး သတင်းပေးတဲ့ ဘင်္ဂါလီတွေကိုလည်းပဲ သတ်ပစ်လေ့ရှိတော့ လုံခြုံရေးတပ်တွေအနေနဲ့ သတင်းတွေကြိုရဖို့ ခက်သွား တယ်” ဟု ဆိုသည်။
အလားတူ မွတ်စလင်များ၏ ဥပုသ်ဝင်ကာလသည် အကြာမီရက်ပိုင်း အတွင်း ပြီးစီးတော့မည် ဖြစ်ပြီး၊ ဥပုသ်ထွက်ပါက အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်မည်ဟု ဝါဒဖြန့်နေမှုများကြောင့်လည်း ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။
မောင်တော နယ်စပ် လုံခြုံရေးအား တပ်မတော် စစ်ကြောင်းတချို့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ပူးပေါင်းဆောင် ရွက်နေ ကြောင်း၊ အကြမ်းဖက်မှု၊ ဆူပူမှုများ ဖြစ်လာပါက မည်သို့ဆောင်ရွက်မည်ဆိုသည်ကို တပ်မတော်၊နယ်ခြားစောင့် တပ်ဖွဲ့ တို့အပြင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ အားလုံးက အလေးထားလုပ်ဆောင်နေ၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ် ထိန့်လန့်မှု မဖြစ်ကြစေလိုကြောင်း နယ်ခြားစောင့် တပ်ဖွဲ့မှ အရာရှိကြီး တဦး က ဧရာဝတီ ကို ပြောသည်။
၎င်းက “ဒေသခံတွေ စိုးရိမ်သလိုမျိုး စိုးရိမ်စရာ အကြောင်းတော့ မရှိပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ အားလုံးပေါင်းပြီးတော့ ရှေ့တန်းမှာရော နောက်တန်းမှာပါ အထူးလုပ်ဆောင်နေလို့ပါ၊ အကြမ်းဖက်မှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ကြမယ် ဆိုတာကို နေရာတိုင်း၊ ဌာနတိုင်း မှာလည်းပဲ ဆောင်ရွက်ထားပါတယ်၊ အားလုံးကတော့ လုံခြုံရေး အသိ သတိထားဖို့ တော့ လိုအပ်တာပေါ့” ဟု ဆိုသည်။
မေယုတောင်ပေါ်ရှိ အကြမ်းဖက် စခန်းအား ရှင်းလင်းစဉ် အကြမ်းဖက်သမားတချို့က လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဓားဖြင့် ခုခံတိုက်ခိုက်သဖြင့် အကြမ်းဖက်သမား ၃ ဦးအား ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်းလည်း နယ်ခြားစောင့်တပ်ဖွဲ့ အရာရှိက ပြောသည်။
မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ပေးနေသည့် လှိုဏ်ခေါင်းတခု၊ လက်လုပ်သေနတ်များ၊ ကျည်ဆန်၊ ဖောက်ခွဲရာ တွင် အသုံးပြုသည့် ပစ္စည်းများ၊ လူနေတဲအိမ်၊ ဂိုဒေါင်၊ စားသောက်ကုန်ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများ၊ အမျိုးသမီး၊ အမျိုးသားဝတ် အထည်များ စသည်တို့ကို သိမ်းဆည်းရမိကြောင်းလည်း နိုင်ငံတော် အတိုင်ပင် ခံရုံးက ထုတ်ပြန်ထားသည်။
မောင်တောဒေသတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ လုပ် ကိုင် သွားလာနေထိုင် စားသောက်နိုင်ရေးအတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်နေမှုများကို မျက်ကွယ်ပြုလျက် အကြမ်း ဖက် လုပ်ရပ်များ ဆောင်ရွက်ရန်ကိုသာ ဦးတည်ရည်ရွယ်၍ လျှို့ဝှက်ကြံစည် ဆောင်ရွက်နေမှုများကို တွေ့ရှိနေကြောင်း လည်း နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားသည်။