ဆင်းရဲနွမ်းပါးသူများ အပါအဝင် လူတိုင်း ခံစားရရှိနိုင်သည့် အမျိုးသား ကျန်းမာရေး အာမခံစနစ် တခုကို လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။
ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ဒီအစိုးရ သက်တမ်းမှာဖြစ်အောင် ကျနော်လုပ်မယ်။ National Health Insurance ကလည်း အပိုင်းလိုက်၊ ကဏ္ဍအလိုက် လုပ်လို့ရတယ်။ ဒါတွေကို ကျနော်အကုန်သင်လာခဲ့တာ။ လက်တွေ့ ကျကျနဲ့ ရေရှည်အတွက် စဉ်းစားရမယ်။ လုပ်တဲ့အခါမှာ တခုပြီးတခု မလုပ်ဘူး၊ တပြိုင်တည်းကို လုပ်သွားမယ်” ဟု ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး အပြီးတွင် သတင်းထောက်များကို ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များ ထိရောက် စွာ အကောင်အထည် ဖော်နိုင်ရေး၊
ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင် မှုများ အချိန်မီရရှိစေရေး၊ ယင်းလုပ်ငန်းစဉ်များ အတွက် လိုအပ်သည့်ရန်ပုံငွေများ လုံလောက်စွာ ရရှိနိုင်ရေး အတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့် အမျိုးသား ကျန်းမာရေး အာမခံစနစ် တည်ထောင်ရန် အစိုးရအား တိုက်တွန်း ကြောင်း အဆိုကို ဝန်ကြီး ဒေါက်တာ မြင့်ထွေး၏ ထောက်ခံချက်ဖြင့် အတည်ပြုနိုင်ခဲ့သည်။
အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇ – ၂၀၂၁) အရ လူ့စွမ်းအား အရင်းအမြစ်၊ အခြေခံ အဆောက်အအုံ၊ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍနှင့် ဘဏ္ဍာရေး ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဦးစွာပြုလုပ်ရမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး က လွှတ်တော်တွင် ပြောသည်။
“နိုင်ငံသားတိုင်းကို လွှမ်းခြုံတဲ့ အမျိုးသား ကျန်းမာရေး အာမခံစနစ် ဆိုတာ ဥပဒေနဲ့အညီ လူတိုင်းမပါမဖြစ် ပါဝင်ရတဲ့ စနစ် ဖြစ်ပြီး လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေး ကုန်ကျငွေ ကျပ်သန်း ၅.၃ ဘီလျံ ကုန်ကျနိုင်မှာ ဖြစ်တယ်”ဟုလည်း ၎င်းက ဆို သည်။
အမျိုးသား ကျန်းမာရေး အာမခံစနစ် ထားရှိရေးအဆိုကို ပြည်သူ့လွှတ်တော်၌ တင်ပြခဲ့သူ ဒေါက်တာ စံရွှေဝင်းက “တချို့ နိုင်ငံတွေမှာ ၁ သိန်းရတဲ့သူက ၂ ထောင်ထည့်ရင် ၂ သိန်းရရင် ၄ ထောင် ထည့်ရတာပေါ့။ ဒီလိုစနစ်မျိုးမှပဲ အောင်မြင်မှာ ပါ။ အကုန်လုံး ၂ ထောင်ထည့် ဆိုရင်တော့ အောင်မြင်မှာ မဟုတ်ဘူး။ ကိုယ့်ဝင်ငွေအပေါ်မှာ မူတည်ပြီး ထည့်ရမယ့် သဘော ဖြစ်တယ်” ဟု သတင်းထောက်များကို ပြောသည်။
NLD ပါတီ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က လူဦးရေ ၂ သိန်းခွဲကျော် ရှိ သည့် တောင်ဥက္ကလာပမြို့နယ်ကို အခြေခံပြီးတွက်ချက်ပါက မြို့နယ်လူဦးရေ၏ ၅ ပုံတပုံဖြစ်သည့် လူ ၅ သောင်းကို တဦး လျှင်တနှစ် ကျပ် ၅၀၀၀ သတ်မှတ်ပါက သိန်းပေါင်း ၂,၅၀၀ ရရှိ၍ ကျန်းမာရေး အာမခံစရိတ် ခံစားခွင့် တဦးကို ၇၅,၀၀၀ ထောက်ပံ့ပါက လူနာ ၃,၃၀၀ ကျော်ကို ခံစားခွင့်ပြုနိုင်မည် ဖြစ်ကြောင်း ပြောသည်။
“ဒီစနစ်ကို တနိုင်ငံလုံးမှာ တပြိုင်တည်းမစဘဲ မြို့နယ်အလိုက် စမ်းသပ် ဆောင်ရွက်သင့်တယ်။ ရောဂါ အဖြစ်များတဲ့ ကလေး အရွယ်၊ လူကြီးအရွယ် လူတွေပဲ အာမခံထားနေရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ အားလုံး ပါဝင်နိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်တယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တပ်မတော် ကိုယ်စားလှယ်များက ကျန်းမာရေး အာမခံစနစ်ကို ကြိုဆို သော်လည်း လက်ရှိအချိန်တွင် မဆောင်ရွက်သင့်သေးကြောင်း အကြံပြုကြသည်။
ဝန်ကြီး ဒေါက်တာ မြင့်ထွေးက “ပညာရေး နိမ့်ကျသူများ၊ ဆင်းရဲနွမ်းပါးသူများ၊ ဝေးလံခက်ခဲဒေသရှိ ပြည်သူတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် တာတွေကို ဆောင်ရွက်ပေးနိုင်ဖို့ ငွေကြေးစီစဉ် ဆောင်ရွက်ထားမှုက မဖြစ်မနေ လိုအပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်တွင် ပြောသည်။
အဆိုပါစနစ် ထူထောင်ဆောင်ရွက်ရန် အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရှေ့နေချုပ် ရုံး၊ ကျန်းမာရေး ဘောဂဗေဒနှင့် အာမခံလုပ်ငန်း ပညာရှင်များ၊ CSO များ၏ ပူးပေါင်းပါဝင်မှု၊ ကွမ်းကျင်မှုတို့နှင့် နိုင်ငံတကာ အတွေ့အကြုံ ပညာရပ်များ ပေါင်းစပ် ဆောင်ရွက်ရန် အရေးကြီးကြောင်း ရန်ကုန်တိုင်း ဒလမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးက ပြောဆိုသည်။
အမျိုးသား ကျန်းမာရေး အာမခံစနစ် ထားရှိရေး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ အဆိုကို ကုသရေး ဦးစီးဌာန၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ ဆေးသုတေသန ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ က အတည်ပြုသင့်ကြောင်း တင်ပြခဲ့ကြသည်။