ယခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် စာရင်းဝင်ကုမ္ပဏီ ၃ ခုခန့် တိုးလာရန် ပြင်ဆင် လုပ်ဆောင် နေကြောင်း ရန်ကုန်စတော့အိတ်ချိန်းရုံးရှိ မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)မှ သိရသည်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်(SECM) အဖွဲ့ဝင် ဦးဌေးချွန်က‘‘အရင်ကတော့ ကုမ္ပဏီရဲ့ အလားအလာ ညွှန်းတမ်း စစ်တာတွေ မပါတဲ့အတွက် အခု စာရင်းဝင်နေတဲ့ ကုမ္ပဏီတွေမှာတော့ မရှိဘူး။ အခုနောက်လာမယ့် ကုမ္ပဏီတွေမှာတော့ ကုမ္ပဏီရဲ့ အလားအလာညွှန်းတမ်းကို သေချာစစ်ရတယ်။ စာရင်းဝင်ကုမ္ပဏီ ၃ခု လောက်တိုးလာဖို့ ရှိပါတယ်’’ဟု ပြောသည်။
ယင်းကဲ့သို့သော ကုမ္ပဏီ၏ အလားအလာညွှန်းတမ်းတွင် အချက်အလက်များ ပြည့်စုံစွာ ဖော်ပြထားမှသာလျှင် စာရင်းဝင် ကုမ္ပဏီအဖြစ် ခွင့်ပြုပေးမည် ဖြစ်ပြီး အလားအလာညွှန်းတမ်း အချက်မှာ ယခင်ခွင့်ပြုထားသော စာရင်းဝင် ကုမ္ပဏီများတွင် ပါဝင်ခြင်း မရှိကြောင်း ၊ အများပြည်သူက ဝယ်ယူသည့် ငွေများကို မည်သို့ သုံးစွဲမည်၊ မည်သည့်စီမံချက် ရှိပြီး ခိုင်မာမှုရှိ၊ မရှိတို့ကို စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်းရုံး၌ စာရင်းဝင်ကုမ္ပဏီများမှာ ပထမ ပုဂ္ဂလိကဘဏ် လီမိတက်(FMI)၊ မြန်မာနိုင်ငံ သားများဘဏ် လီမိတက်(MCB)၊ ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ လီမိတက်(FPB) နှင့် မြန်မာသီလဝါအက်(စ်) အီး ဇက် ဟိုး(လ်)ဒင်း (စ်)ပတ်ဘလစ်လီမိတက် (MTSH) တို့ ဖြစ်ကြသည်။
နောက်ထပ် စာရင်းဝင်ကုမ္ပဏီဖြစ်ရန် စစ်ဆေးနေသော ကုမ္ပဏီ ၃ ခုမှာ ဂရိတ်ဟောဂန်း ကုမ္ပဏီ၊ တယ်လီကွန်း နှင့် MAPCO တို့ဖြစ်ကြောင်း သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းမှ အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦး က “တချို့ ရင်းနှီးမြှုပ်နှံသူတွေက အမြတ်မရတဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိတယ်။ မြတ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေလည်း ရှိတယ်။ အဓိက ဆိုလိုတာက စတော့အိတ်ချိန်း ဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံမှု တခုပါ။ ကာလတိုအတွင်း အရမ်းနူးညံ့တဲ့ အချိန် အတွင်းမှာ အရမ်းကြီး မြတ်ချင်ပြီး ရောင်းကြ ၊ ဝယ်ကြမယ်ဆိုရင် ဆုံးရှုံးနိုင်ခြေရှိတယ်။ ကာလရှည် ရင်းနှီးရမယ့် ဈေးကွက် ဖြစ်ပါတယ်” ဟု ဧရာဝတီနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့ဖူးသည်။
ရန်ကုန်စတော့အိတ်ချိန်း ဈေးကွက်သည် လက်ရှိတွင် အရောင်းအဝယ်များကျဆင်းနေပြီး ယခုတပတ်အတွင်းFMI ရှယ်ယာ တစုလျှင် ၁၄၀၀၀ ကျပ်နှင့် ရှယ်ယာ စုစုပေါင်း ၃၈၀၀ ကျော်၊ MTSH ရှယ်ယာ တစုလျှင် ၃၉၅၀ ကျပ်နှင့် တရက်လျှင် ၂၂၀၀ ကျော် ၊ MCB ရှယ်ယာတစုလျှင် ၉၀၀၀ ကျပ်နှင့် တရက်လျှင် ရှယ်ယာ စုစုပေါင်း ၂၀၀ ကျော် ၊ FPB ရှယ်ယာ တစုလျှင် ၂၆၅၀၀ ကျပ်နှင့် တရက်လျှင် ရှယ်ယာ စုစုပေါင်း ၅၄၉ စု ရောင်းချနေရကြောင်း ရန်ကုန်စတော့ အိတ်ချိန်းရုံးမှ သိရသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချိန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် First Myanmar Investment Co., Ltd. (FMI)၏ အစုရှယ်ယာများကို ၂၀၁၆ ခုနှစ် မတ်လ ၂၅ရက်နေ့တွင် စာရင်းဝင် အစုရှယ်ယာများ အဖြစ် ဈေးကွက်သို့ စတင်ရောင်းဝယ်နိုင်ခဲ့ကြောင်း သိရသည်။