မန္တလေးမြို့ရှိ သမိုင်းဝင်လမ်းမကြီး ၉ ခုကို နဝတ(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) အစိုးရ လက်ထက်မတိုင်မီက ခေါ်ဝေါ်ခဲ့သည့် အမည်များအတိုင်း ပြန်လည် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးမြို့လယ်ကောင်ရှိ လမ်းမကြီးများကို နံပါတ်များဖြင့်သာ အမည်တပ်အသုံးပြုလျက်ရှိရာ လာမည့် သီတင်းပတ်အတွင်း စည်ပင်လမ်းတံတားဌာနက ယင်းနံပါတ်လမ်းနှင့် ပြောင်းလဲမည့် လမ်းအမည်ကို နှစ်ခုတွဲ၍ သက်ဆိုင်ရာ လမ်းအလိုက် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တဦးက “အင်္ဂလိပ်လက်ထက်ကတည်းက သမိုင်းတွင် ခဲ့တဲ့ လမ်းနာမည်တွေကို မြို့မိမြို့ဖနဲ့ အများပြည်သူက ပြောင်းဖို့ ဆန္ဒရှိကြတဲ့အတွက် ပြန်လည်ပြောင်းလဲရတာပါ။ မှတ်မိရ လွယ်ကူအောင်လည်း လက်ရှိခေါ်နေတဲ့ လမ်းနံပါတ်တွေနဲ့ နှစ်ခုတွဲပြီး လမ်းညွှန်ဆိုင်းဘုတ်တွေ တပ်မယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမည်ပြောင်းလဲမည့် လမ်းမကြီး ၉ ခုမှာ ၈၄လမ်းအမည်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအဖြစ် လည်းကောင်း ၊ ၂၆ လမ်းကို အာဇာနည်လမ်း၊ လမ်း ၈၀ ကို သခင်ဗဟိန်းလမ်း၊ ၄၂ လမ်းကို ဗိုလ်ဗထူးလမ်း၊ ၃၁ လမ်းကို အရှင်စန္ဒိမာ လမ်း၊ ၇၃ လမ်းကို မင်္ဂလာလမ်း၊ ၂၂ လမ်းကို အာဌဝီလမ်း၊ ၁၉လမ်းကို စည်ရှင်လမ်း၊ ၇၆လမ်းကို စည်သာလမ်းအဖြစ် ပြောင်းလဲသတ်မှတ်မည်ဟု မန်းစည်ပင်ကော်မတီမှ သိရသည်။
မန္တလေးမြို့မိမြို့ဖ စာရေးဆရာ ဆူးဌက်က “ဒီလမ်းနာမည်တွေဆိုတာ ဟိုးအရင်တုန်းက သတင်းစာ အရေးအသား တွေမှာတောင် အသုံးပြုခဲ့ကြတာ။ သမိုင်းအရ အင်မတန် အဖိုးတန်လှတဲ့လမ်းတွေပါ။ ဒါတွေကို နဝတခေတ် ရောက် တော့မှ မခေါ်တော့ဘဲ ဇွတ်ဖျက်ပစ်လိုက်ကြတာ။ အဲဒါကြောင့် အခုခေတ် လူငယ်အများစုဟာ သမိုင်းကို မသိကြ တော့ဘူး။ လွတ်လပ်ရေးသမိုင်း၊ မြို့ရဲ့ သမိုင်းဆိုတာ မေ့လို့ မဖြစ်ပါဘူး။ သမိုင်းကို ဖော်ထုတ်ဖို့အတွက် အခုလို ပြောင်းလဲသတ်မှတ်လိုက်တာ ကောင်းပါတယ်” ဟု ပြောသည်။
လမ်းမကြီး ၉ခု အနက် ၇၃လမ်း၊ ၂၂လမ်း၊ ၁၉လမ်းနှင့် ၇၆ လမ်းတို့သည် မန္တလေးနန်းတွင်းနှင့် ကျုံးကို ဆက်သွယ် ထားသည့် တံတားများ ရှိသည့်အတွက် တံတားအမည်များအတိုင်း အမည်ပေးခဲ့သည့်လမ်းများဖြစ်ပြီး ရတနာပုံခေတ် ကတည်းက သတ်မှတ်ခဲ့သည့်အမည်များဖြစ်ကြောင်း မြို့မိမြို့ဖများထံမှ သိရသည်။
ထို့အတူ မန္တလေးမြို့၏ အရှည်ဆုံး အရှေ့၊အနောက်လမ်းမကြီး တခုဖြစ်သည့် ၂၆ လမ်းသည် ၁၃၀၀ ပြည့် အရေး တော်ပုံကာလ၌ ယင်းလမ်းမပေါ်တွင် အာဇာနည် ၁၇ ဦး ကျဆုံးခဲ့သည့်အတွက် မြို့လူထုနှင့် အာဏာပိုင် အဖွဲ့အစည်း များက အာဇာနည်လမ်းဟုလည်းကောင်း၊ ၈၄ လမ်းအား လွတ်လပ်ရေး ရပြီးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ဟု လည်းကောင်း၊ ဂျပန်တော်လှန်ရေးခေတ်က ဗိုလ်ဗထူး ရုံး ထိုင်ခဲ့သည့် ၄၂ လမ်းအား ဗိုလ်ဗထူးလမ်းဟု လည်းကောင်း တော်လှန်ရေးသမိုင်းများကို အခြေခံ၍ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
၁၉၂၄ ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးအဖွဲ့ကြီး အစည်းအဝေးတွင် ရဟန်းရှင်လူနှင့် ပုလိပ်အဖွဲ့ တို့ ရုန်းရင်းဆန်ခတ်မှုမှ ပျံလွန်တော်မူခဲ့သည့် ရဟန်းတော်ဦးစန္ဒိမာအား ဂုဏ်ပြုသောအားဖြင့် ၃၁ လမ်းကို အရှင်စန္ဒိမာ လမ်း အဖြစ်လည်းကောင်း၊ မြန်မာ့တော်လှန်ရေးသမိုင်းတွင် နာမည်ကျော်ခဲ့သည့် ရဲဘော် ဗဟိန်း မကွယ်လွန်မီ နောက်ဆုံး နေထိုင်ခဲ့သော အိမ်သည် လမ်း ၈၀ တွင်ရှိရာ ၎င်းကို ဂုဏ်ပြုသောအားဖြင့် သခင်ဗဟိန်းလမ်း ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
မြို့လမ်းမကြီးများ အမည်များ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ မန္တလေးမြို့ခံ အသက် ၃၀ အရွယ် ကုမ္ပဏီ ဝန်ထမ်း တဦးက “ ဒီနာမည်တွေနဲ့ အသားကျနေတဲ့ လူငယ်တွေအတွက် အခုလိုပြောင်းလိုက်တာ ပိုပြီး ရှုပ်သွားစေသလို မှတ်ရတာလည်း ခက်သွားမယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုပြီး မဲပေးခဲ့တာ။ ဒီလိုနာမည်တွေ ပြောင်းဖို့မှ မဟုတ်တာ။ လမ်းနာမည် ပြောင်းလိုက်လို့ မြို့တိုးတက်သွားမယ်ဆိုရင်တော့ ပြောင်းပါ။ လူငယ်တွေအတွက် သမိုင်းကို ဖော်ထုတ်ဖို့ ဆိုရင် အခြားနည်းတွေနဲ့လည်း ဖော်ထုတ်လို့ရနိုင်ပါတယ်” ဟု ပြောသည်။