သတင်း

မြေသိမ်းခံ လယ်သမားသပိတ် ပေါ်ပေါက်လာနိုင်ကြောင်း တောင်သူလယ်သမားသမဂ္ဂ သတိပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာများ ဖြေရှင်းရာတွင် နှောင့်နှေးကြန့် ကြာနေပါက ဧရာဝတီတိုင်းတခုလုံးရှိ မြေသိမ်းခံလယ်သမားတို့၏ ဆန္ဒပြ၊ သပိတ်မှောက်ခြင်းများ ကြုံတွေ့ လာနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီးတောင်သူလယ်သမားသမဂ္ဂက ပြောဆိုလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သိမ်းဆည်းခံ လယ်ယာမြေများအား တိုင်းအစိုးရအစီအစဉ်ဖြင့် စိစစ်ရေးအဖွဲ့များဖြင့် ပြန် လည်စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသည့်အတွက် ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားသမဂ္ဂက ကန်ကြီးထောင့်မြို့နယ်တွင် မနေ့က ဇွန်လ၂၂ရက် နေ့လယ်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်ကလည်း သိမ်းဆည်းခံ လယ်ယာမြေတွေ စိစစ်တယ်။ လယ်သမားတွေ ပြန်မရဘူး။ အခု အစိုးရသစ်လက်ထက်လည်း စိစစ်နေတုန်းပဲ။ ခုထိ ပြန်မရဘူး။ လယ်သမားတွေ သည်းခံခဲ့တာ နှစ်တွေများခဲ့ပါပြီ။ လယ်သမားတွေ ခံနိုင်သလောက်တော့ ခံပါလိမ့်မယ်။ မခံနိုင်တဲ့အဆုံးကျရင် ဧရာဝတီတိုင်းမှာ လယ်သမားသပိတ်ကြီး ဖြစ်လာနိုင်ပါတယ်”ဟု ဧရာဝတီတိုင်း တောင်သူလယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးသန့်ဇော်ဝင်းက သတင်းစာရှင်းလင်း ပွဲတွင် ပြောဆိုသည်။

၂၀၁၁ ခုနှစ်က ပေါ်ပေါက်ခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းခဲ့သည့် လယ်ယာမြေစုံစမ်းစစ်ဆေး ရေးကော်မရှင်၏စာရင်းများအရ ဧရာဝတီတိုင်းတွင် သိမ်းဆည်းခံ လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း ဧက ၃ သိန်းကျော် ရှိနေကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ရေကြီးကွင်း၊ ရေနက်ကွင်း ဖော်ထုတ်ရေးစီမံကိန်း၊ ဝန်ထမ်းသက်သာ စီမံကိန်း၊ မြို့သစ်စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ သီဟိုဠ်စီမံကိန်း။ ရာဘာစိုက်ခင်း စီမံကိန်း၊ ဟိုတယ်ဇုန် စီမံကိန်း၊ ဒီရေတောစိုက်ခင်းစီမံကိန်းစသဖြင့် စီမံကိန်းအမျိုးမျိုးအတွက် လယ်ယာမြေများ သိမ်းဆည်းခြင်း ခံခဲ့ရသလို စစ်တပ်တိုးချဲ့တည်ဆောက်ရန်၊ ငါးကန် တူးဖော် ရန်၊ အစိုးရ ဌာနဆိုင်ရာရုံးဆောက်ရန် စသဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် ဒေသခံတို့၏ လယ်ယာမြေများ သိမ်းဆည်းခြင်းခံခဲ့ ရသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံမှု ပြန်လည် စိစစ်ရေးကော်မတီကို တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအဆင့်အထိ ဖွဲ့စည်း၍ သိမ်းဆည်းခံ လယ်ယာမြေများအား ပြန်လည်စိစစ်မှုများ လုပ် ဆောင်နေသော်လည်း ဒေသအများစုတွင် စိစစ်ရေးလုပ်ငန်းများ ကြန့်ကြာနေကြောင်း တောင်သူလယ်သမားသမဂ္ဂက ပြောသည်။

“သိမ်းဆည်းခံလယ်ယာမြေတွေကို စိစစ်တဲ့လုပ်ငန်းစဉ်က ကျနော်တို့ဒေသအတွက်တော့ တကယ်လုပ်မယ်ဆို တပတ် ၁၀ ရက်နဲ့ ပြီးရမှာပါ။ ညွန်ကြားချက်မှာလည်း ၁၅ ရက်အတွင်း အပြီး တင်ပြရမယ်လို့ ပါတယ်။ ဒါပေမယ့် အချိန် ၃ လကြာ တဲ့အထိ မပြီးပါဘူး။ ဘာလို့ဆိုတော့ ကော်မတီထဲမှာ ပါတဲ့လွှတ်တော်ကိုယ်စားလှယ်က အလုပ်မအားဘူးဆိုပြီး မြေ စစ် ဖို့မလာတော့ ကြာတယ်။ ရပ်/ကျေးဥက္ကဋ္ဌကလည်း ဒီကိစ္စအပေါ်မှာ စိတ်မဝင်စားတော့ ကြန့်ကြာတယ်”ဟု ကန်ကြီး ထောင့်မြို့နယ်၊ ဒါးကကျေးရွာ မြေစစ်ကော်မတီဝင် ဦးကျော်သိန်းအောင်က ပြောသည်။

တိုင်းဒေသကြီးအစိုးရအနေဖြင့် လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာများ ဖြေရှင်းရန် ကြန့်ကြာနေဆဲအချိန်တွင် မြေယာ ရယူထားသူ လုပ်ငန်းရှင်များက လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းများကို ခွင့်ပြုချက် မရှိဘဲ ငါးကန်တူးခြင်း၊ ကြက်မွေးမြူ ရေးခြံ တည်ဆောက်ခြင်းနှင့် မြေကြီးများ တူးယူရောင်းချခြင်းများ ပြုလုပ်နေသည်ဟု မြေသိမ်းခံ လယ်သမားများက ဆို သည်။

“ကျနော်တို့ရဲ့ ပြေစာပေါက် လယ်ယာမြေတွေကို ဧရာရွှေဝါက ၁၉၉၈ မှာ သိမ်းတယ်။ ပြီးတော့ ၂၀၁၂ ခုနှစ်မှာ ဧရာရွှေ ဝါက သူတို့သိမ်းတဲ့မြေတွေကို စွန့်လွှတ်ပါတယ်ဆိုပြီး ကြေညာတယ်။ ဒါပေမယ့် ကျနော်တို့လယ်သမားတွေ ပြန်မရဘဲ ဧရာရွှေဝါနဲ့ အကျိုးတူလုပ်ခဲ့တဲ့လူကပဲ လယ်တွေကို ရသွားတယ်။ အခု အဲဒီလူက ကျနော်တို့လယ်ထဲက မြေကြီးတွေကို ဘတ်ဖိုးနဲ့တူးပြီး ရောင်းစားတယ်။ အုပ်ချုပ်ရေးပိုင်းကို တားပေးပါလို့ တင်ပြတာ ဘယ်သူမှ တားမပေးဘူး။ အစိုးရက မြေ ယာပြဿနာ ဖြေရှင်းမပေးခင်မှာ လုပ်ငန်းရှင်တွေက လုပ်ချင်ရာလုပ်နေတာကို ဒီတိုင်းထိုင်ကြည့်နေကြတယ်”ဟု ဧရာရွှေ ဝါကုမ္ပဏီ၏ လယ်ယာမြေသိမ်းဆည်းခြင်းခံရသူ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာမှ လယ်သမား ဦးအောင်မြင့်က ပြောသည်။

မိမိရာထူးသက်တမ်းအတွင်း ဧရာဝတီတိုင်းအတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံရမှုများကို ရာနှုန်းပြည့် ဖြေရှင်းပေးရန် ရည်မှန်းချက်ထား ဆောင်ရွက်နေသည့်အတွက် လယ်သမားများအနေဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းပေးစေလိုကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းက ပြောသည်။

“ကျနော့်အနေနဲ့ ရည်မှန်းထားတာကတော့ အစိုးရသက်တမ်း ၅ နှစ်အတွင်းမှာ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့မြေတွေကို ပြန်လည်သိမ်းဆည်းပြီး နိုင်ငံတော်က စီမံခန့်ခွဲတဲ့ မြေအဖြစ်ထားပါ၊ ဒါကတော့ ဌာနဆိုင်ရာသုံးဖို့ ထား ပါလို့ ဗဟိုမြေစစ်အဖွဲ့က ညွှန်ကြားလာတဲ့မြေကလွဲလို့ ကျန်မြေတွေအားလုံးကို တောင်သူလယ်သမားများ လက်ထဲရောက် အောင်အပ်ဖို့ စီမံထားပါတယ်”ဟု ဝန်ကြီး ဦးဘဟိန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ယခင် တိုင်းအစိုးရဟောင်း ဝန်ကြီးချုပ် ဦးသိန်းအောင်လက်ထက်၌ မြေဧက ၉ သောင်းကျော် ကို သက်ဆိုင်သူများထံ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်သည့် ဗဟို မြေစစ် ကော်မတီက ပြီးခဲ့သည့်မတ်လအတွင်းက သတင်းထုတ်ပြန်ထားသည်။ သို့သော် ပြန်လည်ပေးအပ်သည့် အဆိုပါ မြေယာ များမှာ မူလ လယ်သိမ်းခံတောင်သူအများစုလက်ဝယ် မရောက်ရှိဘဲ မြေသိမ်းဆည်းခဲ့သည့် ကုမ္ပဏီများနှင့် အကျိုးတူ လုပ် ကိုင်သူများသာ ရရှိလုပ်ကိုင်နေသည်ဟု မြေသိမ်းခံလယ်သမားများက ပြောဆိုသည်။

Loading