တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 အစိတ်အပိုင်းကို ဆယ်ယူရန် ရေငုပ်ရှာဖွေပေးရင်း ရေထုဖိအားကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာ ရရှိသူ ၂ ဦး အနက်မှ ရေငုပ်သမား ၁ ဦး ယမန်နေ့က သေဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ၎င်းတို့၏ ဖေ့စ်ဘုတ် စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ထားသည်။
သေဆုံးသူမှာ ဒလမြို့နယ် အဏ္ဏဝါမင်း ရေငုပ်အဖွဲ့မှ ဦးစောနောင်ဖြစ်ပြီး တပ်မတော်နှင့် ပူးပေါင်း၍ Y-8 လေယာဉ် အစိတ်အပိုင်းအားဆယ်ယူရန် ကူညီဆောင်ရွက်ရင်း ရေထုဖိအားကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရရှိပြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာမှ ဇွန် ၂၂ ရက်နေ့ ည ၉ နာရီခွဲတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
ရေထုဖိအားကြောင့် ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရှိခဲ့သည့် အဏ္ဏဝါမင်းရေငုပ်အဖွဲ့မှ ရေငုပ်သမား ဦးစောနောင်နှင့် ဦးသန့်ဇင်ဦး တို့ ၂ ဦး ကို ဇွန်လ ၁၈ ရက်နေ့ကတည်းက မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီးတွင် ကျွမ်းကျင်ပါရဂူများဖြင့် အထူး ကြပ်မတ်ကုသ ပေးခဲ့ကြောင်း၊ ဦးစောနောင်ကွယ်လွန်သွားသဖြင့် တပ်မတော်မိသားစုများက ကျန်ရစ်သူ မိသားစုနှင့်အတူ အထူး ဝမ်းနည်းကြောင်း သတင်းထုတ်ပြန်ချက်တွင်တွေ့ရှိရသည်။
တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 သည် ဇွန်လ ၇ ရက်နေ့က မြိတ်- ရန်ကုန် ခရီးစဉ် ပျံသန်းရင်း လောင်းလုံမြို့အနီး ပျက်ကျခဲ့ရာ တပ်မတော်အရာရှိ၊ စစ်သည်နှင့် တပ်မိသားစုဝင် ၁၀၀ ကျော် လိုက်ပါသွားခဲ့သည်။ လေယာဉ်ပျက်ကျမှုမှ ဇွန် ၂၀ ရက်နေ့အထိ အလောင်း ၉၃ လောင်းနှင့် လေယာဉ် အစိတ်အပိုင်းများကို ပင်လယ်ပြင်အတွင်း ပြန်လည်ရှာဖွေရင်း Black Box အပါအဝင် အစိတ်အပိုင်း အချို့ကို ရှာဖွေတွေ့ရှိထားသည်။