ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် TheVoice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက တရားရုံးပြောင်းလဲစစ်ပေးရန် တင်ပြလျှောက်ထားမှုကို ယနေ့ရုံးချိန်းတွင် ဗဟန်းမြို့နယ် တရားရုံးက ပယ်ချလိုက်သည်။
ဦးကျော်မင်းဆွေက ဗဟန်းမြို့နယ်တရားရုံး၌ စစ်ဆေးမှုသည် မှန်ကန်တရားမျှတစွာ စစ်ဆေးခံယူနိုင်မည် မဟုတ်ဟု ယုံကြည်သည့်အတွက် သင့်လျော်သည့် တရားရုံးတရုံးသို့ ပြောင်းရွှေ့စစ်ဆေးပေးရန် တရားခွင်အတွင်း တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးကျော်မင်းဆွေ၏ ဥပဒေအကြံပေးဖြစ်သူ ဦးခင်မောင်မြင့်က “ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၉၁ အရ တရားရုံး ပြောင်းစစ်ဖို့လျှောက်တာ ပယ်ချခံရတယ်။ သူ့လိုမျိုး ၆၆(ဃ) နဲ့ တရားစွဲခံရတဲ့ အမှုတွေထဲက တချို့ဆို အာမခံ ပေးထားတာပဲ။ သူကျတော့အခုလဲ ထပ်ပယ်ခံရတယ်” ဟု ပြောသည်။
၄ ကြိမ်မြောက် ယနေ့ရုံးချိန်းတွင် ဗဟန်းမြို့နယ် တရားသူကြီးက ဦးကျော်မင်းဆွေ၏ အာမခံလျှောက်ထားမှုကို ထပ်မံပယ်ချခဲ့ပြီး တရားလိုဖြစ်သည့် ဒုတိယဗိုလ်မှူးကြီးလင်းထွန်းကို စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ် မတ်လ ၂၆ ရက်ထုတ် TheVoice သတင်းစာတွင် “ကျည်ထောင်စုသစ္စာ” သရော်စာ ထည့်သွင်း ဖော်ပြခဲ့ခြင်းကြောင့် အယ်ဒီတာချုပ်ဦးကျော်မင်းဆွေနှင့် သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ ရန်ကုန်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
သရော်စာဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို ပုဒ်မ ၆၆ (ဃ) နှင့် တရားစွဲဆိုရန် မသင့်ဟုဆိုကာ ပြီးခဲ့သည့် ရုံးချိန်တွင် အမှုပိတ်ပေးခဲ့သည်။
ယခုအမှုနှင့်ပတ်သက်၍ တရားရုံး ပြောင်းလဲစစ်ဆေးနိုင်ရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ ဆက်လက်တင်ပြ လျှောက်ထားသွားမည်ဖြစ်ကြောင်း ဦးခင်မောင်မြင့်က ဆက်ပြောသည်။ အမှုဆက်လက် စစ်ဆေးရန်အတွက် ၅ ကြိမ်မြောက်ရုံးချိန်းကို လာမည့်ဇွန်လ ၃၀ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။
တရားလိုဖြစ်သည့် တပ်မတော်သားများကို စစ်ဆေးသည့် ယနေ့ရုံးချိန်း၌ ၂ နာရီ ခန့်ကြာမြင့်သည့် တရားခွင် စစ်ဆေးနေစဉ်အတွင်း သတင်းမီဒီယာများကို တရားရုံးအတွင်း ဝင်ခွင့်မပေးဘဲ လေ့လာသူအဖြစ် သတင်းသမား ၅ ဦးခန့်သာ ဝင်ခွင့်ရရှိခဲ့သည်။
ယနေ့အမှုမစစ်ဆေးမီ တရားရုံးဝန်ထမ်းတဦးက ဝင်ရောက်လိုသည့် သတင်းမီဒီယာများကို ခံဝန်ထိုးစေပြီး တရားရုံးစည်းကမ်းများအတိုင်း ဝင်ခွင့်ပြုမည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် မည်သို့မျှ အကြောင်းပြန်ခြင်း မပြုခဲ့ပေ။
ထို့အပြင် အမှုစစ်ဆေးစဉ်အတွင်း တရားရုံးဝင်းတံခါးကို သော့ခတ်ထားခဲ့သည့်အတွက် အမှုကာယကံရှင်များ ဖြစ်သည့် The Voice ရုံးမှ တာဝန်ရှိသူများ၊ အခြားသော အမှုမှ ရှေ့နေများနှင့် မိသားစုဝင်များ၊ တရားရုံးဝန် ထမ်းများပင် အထဲဝင်ရောက်ရန် စစ်ဆေးမှုပြီးသည်အထိ စောင့်ဆိုင်းခဲ့ရသည်။
ယနေ့ရုံးချိန်းတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးနှင့် ပတ်သက်၍ လက်မှတ်ကောက်ခံမှုကို သတင်းမီဒီယာသမားတချို့က ဦးဆောင်ပြုလုပ်ခဲ့ကြသည်။